ငလျင်ဘေး အကြောင်းပြ၍ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့ နှစ်ဖက် သဘောတူညီချက်မရှိဘဲ တဖက် သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြသော်လည်း ကချင်၊ ကရင်နီ (ကယားပြည်နယ်)၊ ချင်းနှင့် ရခိုင်ပြည်နယ် မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းများတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်နေသည်။
တိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ရာ ငလျင်ဒဏ်ခံ စစ်ကိုင်း တိုင်းအတွင်း ၁၈ ကြိမ်၊ မန္တလေးတိုင်းအတွင်း ၁၈ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၈ ရက်အထိ ကလေး ၆ ဦး၊ အမျိုးသမီး ၃၀ အပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တောင်းခမ်းဒေသတွင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ လွိုင်ကော်နှင့် ဘောလခဲတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကျောက်ဖြူတွင် အာရက္ခတပ်တော် (AA)၊ ကလေးဝမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) များသည် စစ်တပ်စခန်းများအား ဧပြီ ၇ ရက်တွင် တိုက်ခိုက်ခဲ့ကြကြောင်းဆိုသည်။
စစ်ကောင်စီ ပြောဆိုချက်အပေါ် လတ်တလော ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးတပ်ဖွဲ့များက ပယ်ချခဲ့ပြီး စစ်တပ်အနေဖြင့် ၎င်းတို့ အပစ်ရပ်ထုတ်ပြန်ချက်အား ကိုယ်တိုင်ချိုးဖောက်ကာ လူထုအားပစ်မှတ်ထားသည့် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက်လုပ်နေခြင်းသာဖြစ်ကြောင်း ကရင်နီတပ်မတော် (KA/KNPP) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က တုံ့ပြန်သည်။

၎င်းက “အပစ်အခတ်ရပ်စဲရေးဆိုပြီး လူတွေကို ဗုံးနဲ့ကြဲ သတ်နေတာက ဘာသဘောလဲ၊ ကျနော်တော့ နားမလည်ဘူး။ ကမာ္ဘကိုချပြပြီးတော့ လိမ်ပြီး လုပ်နေတာပဲ။ လွိုင်ကော်ရော ဘောလခဲရော ကျနော်တို့က သူတို့ကိုဆက်ပြီး တိုက်ခိုက် ရမှာပဲ” ဟု ပြောသည်။
KNPP နှင့် KNDF တို့သည် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းမရှိသည့် အဖွဲ့များ ဖြစ်သည်။
လတ်တလော တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသတွင်လည်း စစ်တပ်က မြေပြင် ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ် အနေဖြင့် အပစ်အခတ်ရပ်စဲရေးအား လူကြားကောင်းရုံအကြောင်းပြထားခြင်းသာဖြစ်ကြောင်း တောင်းခမ်းဒေသ တိုက်ပွဲ များ၌ ပါဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ခေါင်းဆောင် ကိုထွန်းနိုင်က ဆိုသည်။
၎င်းက “လူကြားကောင်းအောင်သာ ငလျင်ကယ်ဆယ်ရေး အကြောင်းပြတာပါ။ စစ်ကောင်စီက အရင်ကတည်းကရော အခုရော အပြောနဲ့အလုပ်က တခြားစီဆိုတာသိနေတော့ ယုံကြည်စရာ မရှိပါဘူး။ တောင်းခမ်းကတော့ ရက်တိုင်း တိုက်ပွဲ ဖြစ်တယ်။ တော်တော်လည်း ပြင်းထန်တယ်။ စစ်ကောင်စီကပဲ စစ်ကြောင်းထိုး၊ ပစ်တာ၊ ကြဲတာ စလုပ်တာ” ဟု ပြောသည်။
တောင်းခမ်းဒေသအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA နှင့် ပူးပေါင်း တပ်များအနေဖြင့် ခံစစ်စခန်းများအပြင် ကျေးရွာအချို့အား ပြန်လည် လက်လွှတ်ခဲ့ရပြီး လတ်တလော စစ်တပ်က နောင်ချို လေးရွာအထိ ခြေကုပ်ယူထားနိုင်ကြောင်း သိရသည်။
စစ်ကောင်စီဘက်က KIA တိုက်ခိုက်သည်ဟုပြောဆိုသည့် အင်းတော်မြို့သည် ဧပြီ ၇ ရက်ညပိုင်းတွင် NUG အမှတ်-၁ စစ်ဒေသ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည့်အပြင် အင်းတော်မှထွက်ပြေးခဲ့သည့် တပ်မ ၇၇ တပ်မမှူးနှင့်အဖွဲ့ကိုလည်း ကသာမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည့် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ငလျင်ဒဏ်သင့်ဒေသများနှင့်ဆက်စပ်ခရိုင်များတွင် ထိုးစစ်များရပ်တန့်ကြောင်းကြေညာခဲ့ပြီး စစ်ကောင်စီနှင့် KIA တို့သည် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်များ ရပ်တန့် ကြောင်း ကြေညာထားကြခြင်း ဖြစ်သည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “အပစ်ရပ် ထုတ်ပြန်တာတွေက တဖက်သတ် ထုတ်ပြန်ချက်တွေဖြစ်ပြီး နှစ်ဖက်သဘောတူညီမှုတွေ မရှိပါဘူး။ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်တာရော မြေပြင်ကရော ထိုးစစ်ဆင်တာ မျိုးတွေ ရှိနေတယ်။ သူတို့ထုတ်ပြန်ပြီး သူတို့ မလိုက်နာတာပါ။ သူတို့ ထုတ်ပြန်ချက်ကို သူတို့ အရင်ချိုးဖောက်တဲ့ ပုံစံ ဖြစ်ပါတယ်။ သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်ကတော့ မယုံရတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်” ဟု ပြောသည်။
အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ခြင်းမရှိသည့် ချင်းညီနောင်အဖွဲ့ (CB)နှင့် ပူးပေါင်းတပ်များအနေဖြင့် ချင်းပြည်နယ် မြောက်ပိုင်းတွင် ကာလရှည်ဆင်နွှဲနေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအား ဆက်လက် ဖော်ဆောင်ခဲ့ရာ ခလရ-၂၆၈ တပ်ရင်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီ ၉ ရက်တွင် ဖလမ်းမြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန် သည်။
စစ်ကောင်စီက တဖက်သတ် အပစ်ရပ်စဲကြောင်းကြေညာခဲ့သည်မှာ တပတ်ခန့် ရှိပြီဖြစ်သော်လည်း မြေပြင်စစ်ကြောင်း ထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေကြောင်းနှင့် အပစ်အခတ်ရပ်စဲမည်ဟူသော ထုတ်ပြန် ကြေညာ ချက်သည် ငလျင်ဘေးအကြောင်းပြကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား နိုင်ငံရေးအမြတ်ထုတ်လိုသည့် လုပ်ကြံ လီဆယ်မှုတခုသာဖြစ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ကလည်း ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုထားသည်။
You may also like these stories:
ငလျင်ဘေးနှင့် စစ်ကောင်စီ၏ မရိုးသားသော အပစ်ရပ်
အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော
စစ်တပ်ထိုးစစ်ကြောင့် မိုးဗြဲတွင် တိုက်ပွဲဖြစ်၊ အရပ်သားများ ထိခိုက်သေဆုံး
ယာယီအပစ်ရပ်ဟု ဆိုသော်လည်း စစ်ကြောင်းထိုး ဗုံးကြဲနေ