ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ပြုပြင်ရမည်ဖြစ်သော်လည်း စစ်ကောင်စီက ပြည်ပ မှ ဘိလပ်မြေတင်သွင်းမှု ပိတ်ထားသဖြင့် လက်ရှိတွင် ဈေးမှာ မြင့်နေသလိုပစ္စည်းပြတ်လပ်ကာ ဝယ်ယူ၍မရသည်အထိ ဖြစ်နေသည်။
ဘိလပ်မြေဈေးမှာ မတ် ၂၈ ရက်မတိုင်မီက ၁ အိတ် ၁၆၀၀၀ ကျပ်ကျော် ရှိရာမှ ငလျင်အပြီး တအိတ်လျှင် ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကျော်အထိ အမျိုးအစား ပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိ အရောင်း ဆိုင်တချို့မှာ ဘိလပ်မြေအဝင်မရှိသဖြင့် အရောင်းပိတ်ထားသည်အထိဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ပစ္စည်းမရှိတော့ ကျနော်တို့လည်း ဆိုင်ပိတ်ထားရတယ်။ ဘိလပ်မြေက အခုရက်ပိုင်းလောက်က စပြီး အဝင်မရှိကို ဖြစ်နေတာ။ ဈေးတွေလည်း တက်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဈေးကွက်၌ Alpha အမျိုးအစား ဘိလပ်မြေအပြင်အခြားသော AAA၊ ကြံ့နှစ်ကောင်၊ အပါချီ၊ Yojin၊ ဆင်မင်း အစရှိသည့် ဘိလပ်မြေအမျိုးအစားများစွာရှိပြီး တအိတ် ၃၀၀၀၀ ကျပ်ကျော်မှ ၄၀၀၀၀ ကျော်အထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အရောင်းဆိုင်တချို့မှာ တဦးလျှင် ဘိလပ်မြေအိတ်ရေ ၂၀ နှုန်းဖြင့် အကန့်အသတ်ဖြင့် ရောင်းချပေး သည့်ဆိုင်များရှိနေသလို ဆိုင်တချို့မှာ ဘိလပ်မြေကား အဝင်မရှိသဖြင့် အရောင်းရပ်ထားသည်များလည်း ရှိကြောင်း သိရသည်။
ငလျင်မလှုပ်ခတ်မီကလည်း ပြည်တွင်း၌ ဘိလပ်မြေလိုအပ်ချက်ရှိနေသလို စစ်ကောင်စီက ပြည်ပတင်သွင်းမှုကို ပိတ်ထား သောကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအားမမျှဘဲ ၂၀၂၁ အာဏာမသိမ်းခင်က တအိတ်လျှင် ၅၀၀၀ ကျပ်ကျော်သာ ရှိရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျပ် ၃၇၀၀၀ အထိ မြင့်တက်ခဲ့သဖြင့် ဇန်နဝါရီ ၃၀ ရက်နေ့ ရက်စွဲဖြင့် “ယခု ပွင့်လင်း ရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေး ဘိလပ်မြေ လိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတဆင့် သွင်းခွင့်ပြုထားပြီး ယခု ဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်” ဟု ကြေညာခဲ့သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ယင်းနောက်တွင် စစ်ကောင်စီက တပတ်လျှင်တကြိမ် တင်သွင်းခဲ့သောကြောင့် ဘိလပ်မြေဈေးမှာ ၂၀၀၀၀ ကျပ် ဝန်းကျင် အထိ ဈေးပြန်ကျဆင်းရာမှ ယခုအခါ အဝင်မရှိသလို ဝယ်လိုအားလည်းပြန်လည်မြင့်တက်လာသောကြောင့် ဈေးနှုန်း ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
လက်ရှိ ဘိလပ်မြေကို ပြင်ပမှတင်သွင်းခွင့်ပေးရာတွင်လည်း ပို့ကုန်သွင်းကုန်ဆိုင်ရာ ဖြေလျှော့မှုများ လုပ်ဆောင်ပေး ရန်လိုကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံက သိရသည်။
ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက “အခု ဘိလပ်မြေဈေးက သုံးဆ၊ လေးဆလောက်ဖြစ်သွားပြီ။ ပြန်လည် ထူထောင်ရေး မလုပ်နိုင်သေးဘူး အပျက်အစီးတွေ ဖျက်နေတုန်းပဲ ရှိသေးတယ်။ ဒါတွေ ပြီးလို့ တည်ဆောက်ပြီဆိုရင် အုံနဲ့ကျင်းနဲ့ လိုလာမှာ။ ဒါဆိုရင် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သွင်းကုန်တွေ လွယ်လွယ်ပေးဖို့ နိုင်ငံခြားငွေ သုံးစွဲခွင့်လွယ်လွယ်ပေးဖို့တွေ လိုတယ်။ အဲဒီလို မပေးဘဲနေရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှရင် ဈေးမြင့် ရှားပါးနေမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ပြည်တွင်းထုတ် ဘိလပ်မြေ၊ သံချောင်းများမှာလည်း လိုအပ်ချက်များရှိနေသဖြင့် စိစစ် ဆောင်ရွက်ရန်လိုအပ်သည့်အပြင် ပြည်ပမှတင်သွင်းခွင့်ပေးရာ၌လည်း စစ်ကောင်စီအနေဖြင့် ကန့်သတ်မှုများပြုလုပ် နေမည်ဆိုလျှင် ဈေးတက်ရန် အလားအလာများရှိနေကြောင်း ၎င်းက သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “နိုင်ငံတော်ကထုတ်နေတဲ့ ဘိလပ်မြေထဲမှာကိုပဲ အရည်အသွေး မပြည့်မီတာတွေ ရှိတယ်။ သံချောင်း ဆိုလည်း ပုံမှန် HRB 500 ဆို ငလျင်ဒဏ်ခံနိုင်တယ်ပေါ့။ ဒါက ယေဘူယျအားဖြင့်ပေါ့။ ဒီမှာ HRB 400 တောင် အော်ရီဂျင် နယ်မသွင်းနိုင်ဘဲနဲ့၊ ပုဂ္ဂလိသံရည်ကျိုစက်ရုံတွေက သံချောင်းတွေ ထုတ်တယ်။ ထုတ်တဲ့အပြင်ကို HRB 400 ဆိုတာ သူရဲ့ ဒီဇိုင်းသတ်မှတ်ချက်ပေါ့။ အဲဒါကိုမှ သံဆိုဒ်က ၁၆ မီလီမီတာရှိရမယ်ဆိုရင် ၁၃ မီလီမီတာ လောက်ပဲရှိတယ် စတဲ့ ဘိလပ် မြေတွေက အရည်အသွေးမမီ သံချောင်းတွေက အရည်အသွေးမမီ၊ အုတ်တွေ အရည်အသွေးမမီ ဒီပစ္စည်းတွေနဲ့ ဘာလို့ ဆောက်ရလဲဆိုရင် ဒါတွေပဲရှိတော့ ဒါတွေနဲ့ပဲ ဆောက်ရတာပေါ့” ဟု ပြောသည်။
ယင်းအခြေအနေများကြောင့် တင်ဒါလုပ်ငန်းများတွင်လည်း ပြင်ပဈေး HRB 500 သံချောင်းဈေး ကျပ်သိန်း ၄၀ ရှိပါက ကြိတ်သံ ကျပ်သိန်း ၂၀ ဝန်းကျင်ဖြင့်သာ ဈေးနှုန်းသတ်မှတ်ပေးခြင်းကြောင့် ဆောက်လုပ်သည့်အခါ လုပ်ငန်းရှင်က သတ် မှတ်ဈေးနှင့် ကိုက်ညီသည့်ပစ္စည်းကိုသာ ဝယ်ယူသုံးစွဲရသောကြောင့် အဆောက်အဦများ၏ အရည်အသွးမှာလည်း နိမ့်ကျ လာကြောင်း လက်ရှိ ဆောက်လုပ်ရေးဈေးကွက်အခြေအနေကို ၎င်းက ရှင်းပြသည်။
၎င်းက “ပြည်တွင်းထုတ်ကိုလည်း အစားထိုးခိုင်းတော့ ပြည်တွင်းထုတ်ပစ္စည်းကို အရည်အသွေးရှိအောင်လို့ စိစစ်ကြပ် မတ်ဖို့ လိုတာပေါ့။ ဒါတွေ မရှိဘူး။ နောက်တခုက စစ်ကောင်စီက ကန်ထရိုက်ပေးတဲ့နေရာမှာလည်း လက်သင့်ရာခေါ် ဆိုသလို မနေ့တနေ့ကမှ ကုမ္ပဏီထောင်တဲ့သူကို သိန်း ၄၀၀၊ ၅၀၀၊ ၆၀၀ တန်တာ ပေးရင် ပေးပစ်လိုက်တာ။ အဲဒါကလည်း ပြဿနာတခုပေါ့နော်။ ဒါတွေကို စိစစ်ဖို့လိုတယ်။ ဒီလိုလုပ်မှသာ နောက်ပိုင်း အဆောက်အအုံတွေက စိတ်ချရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် မန္တလေးမြို့၌ လက်ရှိ ဘိလပ်မြေဈေးမှာ ရန်ကုန်ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ် လျော့နည်းသော်လည်း ငလျင်မလှုပ်ခင်က တအိတ်လျှင် ၁၈၅၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ၃၀၀၀၀ ကျပ်နားအထိ ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။
မန္တလေးမြို့ ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသူတဦးက “အခုကတော့ ကျမတို့ဆိုင်က ဘိလပ်မြေတမျိုးပဲ ရောင်းစရာ ရှိတာ။ အရင်ထက်တော့ ခွဲတမ်းရတာ နည်းတယ်။ တပတ်မှ အိတ်ရေ ၂၀၀ လောက်ပဲ ရတယ်။ ဘာလို့ဆို ကျောက်ဆည်မှာရှိတဲ့ အယ်ဖာရော၊ ကြံ့နှစ်ကောင်စက်ရုံ နှစ်ခုစလုံး ငလျင်ထိသွားတော့ အဝင်မရှိဘူး။ အရင် ငလျင်မဖြစ်ခင် လက်ကား ယူရတာ တအိတ် ၁၈၀၀၀ ကျပ်၊ ၁၉၀၀၀ ကျပ်ပေါ့။ အခုက တအိတ် ၂၂၀၀၀ ကျပ်ဆိုတော့ ဈေးတော့ တက်သွားတယ်။ အပြင် လက်လီဈေးဆို ဒီဈေးထက်မြင့်မှာ၊ အခုကတော့ ကိုယ့်ဆွေမျိုးသားချင်း အိမ်လေးတွေပဲ ခွဲပေးနေရတယ်။ အဝင် နည်းလို့” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် ငလျင်ကြောင့်ပျက်စီးသွားသည့် နေအိမ်အဆောက်အဦများပြားနေခြင်းကြောင့် ဈေးကွက်၌ဝယ်လိုအား မြင့်လျက်ရှိသလို ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံတချို့ ပုံမှန်မလည်ပတ်နိုင်ခြင်းကြောင့် ယခုထက် ပို၍ ဈေးနှုန်းမြင့်တက်နိုင် ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘိလပ်မြေစက်ရုံများအတွက် ကုန်ကြမ်းဖြစ်သည့် ထုံးကျောက်တောင်များ ဖြိုချရန် ယမ်းရရှိမှု အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးခက်ခဲခြင်းနှင့် နိုင်ငံရေးအခြေအနေများကြောင့် အများစုမှာ လည်ပတ်မှု ရပ်ဆိုင်းထားရ၍ ထုတ်လုပ်မှုကျဆင်းကာ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
You may also like these stories:
အင်အားပြင်းငလျင် လှုပ်ပြီး ရန်ကုန်တိုက်ခန်းဈေး ၁၀ ရာခိုင်နှုန်းခန့် ကျဆင်း
ငလျင်ကြောင့် အရေးကြီးသော အခြေခံအဆောက်အအုံများ ပျက်စီးမှု ဆိုးရွား
ဘိလပ်မြေ ပြည်ပမှ ပြန်သွင်းခွင့်ပြု