အကျဉ်းချခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းထားသည့် အခြားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်ပြီး ငလျင်ဒဏ်ခံ ဒေသများတွင် စစ်ကောင်စီက အကြိမ် ၁၀၀ ကျော် တိုက်ခိုက်သည်ကို ပြစ်တင်ရှုတ်ချလိုက်သည်။
ပြည်တွင်းစစ်ကြောင့် ပျက်စီးနေသော မြန်မာတဝန်း တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး ပြင်းထန်သော ငလျင်ကြောင့် လူ ၃,၆၀၀ ကျော်သေဆုံး၊ ၅,၀၁၈ ဦးဒဏ်ရာရ၊ ၁၄၅ ဦး ပျောက်ဆုံးနေချိန်တွင် စစ်တပ်သည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသည်။
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြည်တွင်းစစ်သည် နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ကွဲစေပြီး နိုင်ငံအစိတ်အပိုင်း အများအပြားသည် စစ်တပ်ထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် ပြင်းအား ၇.၇ အဆင့်ရှိ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပျက်စီးမှု အတိုင်းအတာ အတိအကျ မသိရသေးပေ။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသတွင် ငလျင်ဘေးမှ မသေဘဲ လွတ်မြောက်လာသူများထံသို့ ပေးပို့သည့် လူသားချင်းစာနာမှု အကူအညီများကို ဟန့်တားနှောင့်ယှက်သောကြောင့် စစ်ကောင်စီကို ကုလသမဂ္ဂက ဧပြီလ ၁၁ ရက်နေ့တွင် ဝေဖန်သည်။
စစ်ကောင်စီတပ်များသည် ငလျင်အပြီး တိုက်ခိုက်မှု အကြိမ် ၁၂၀ ကျော် ပြုလုပ်ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်ကို အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်သည့် ဧပြီလ ၂ ရက်နေ့ နောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ပြောခွင့်ရသူ မစ္စ ရာဗီနာ ရှမ်ဒါစနီက ပြောသည်။
ထိုတိုက်ခိုက်မှုအများစုသည် ငလျင်ကြောင့် ထိခိုက်သောဒေသများ အပါအဝင် နေရာများစွာသို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းကပြောသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထားသည့်သူများကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်ကောင်စီကို မစ္စ ရာဗီနာ ရှမ်ဒါစနီက တောင်းဆိုသည်။

“မြန်မာတွင် ရိုးရာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးပွဲ ဧပြီလ ၁၃ ရက်နေ့ စတင်ချိန်တွင် အကြီးမားဆုံး လိုအပ်နေသူများကို ကူညီရန် စုပေါင်းအားထုတ်မှုကို မိမိတို့ တောင်းဆိုသည်။ ထိုစိတ်ဓာတ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထားသူများကို လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်တပ်ကို မိမိတို့ တောင်းဆိုသည်” ဟု ၎င်းကပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာ တတ်ခ်ကလည်း လူသားချင်းစာနာမှု အကူအညီပေးခြင်းကို မည်သည့်တားဆီးမှုမဆို ဖယ်ရှားရန်နှင့် စစ်ဆင်ရေး အားလုံးရပ်ရန် စစ်တပ်ကို ကြေညာချက်တစောင်တွင် တောင်းဆိုသည်။
လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်သားများ လိုအပ်နေသူများထံ သွားရောက်ခွင့်ပေးရန် သက်ဆိုင်သူအားလုံးကို ၎င်းကတောင်းဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှထောင်တခုတွင် ဖမ်းဆီးထားပြီး လွန်ခဲ့သော လေးနှစ်အတွင်း တဦးတည်း ချုပ်နှောင်ထားသောကြောင့် ကျန်းမာရေးစိုးရိမ်မှုများ ဖြစ်နေပြီး သူ့ကို လွှတ်ပေးရန် တောင်းဆိုကြသည်။
အသက် ၇၉ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပယောဂမကင်းသည့် စွဲချက်များဖြင့် ထောင် ၂၇ နှစ် ချခံထားရသည်။
စစ်တပ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အထူးသံတမန် အပါအဝင် ပြင်ပလူ မည်သူ့ကိုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသောကြောင့် ငလျင်ပြီးနောက် သူ၏အခြေအနေကို မသိရပေ။
တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကို စစ်ကောင်စီက ဆက်လက် တိုက်ခိုက်မှုရပ်ရန်နှင့် ငလျင်ဒဏ်ခံများသို့ အကူအညီ ဟန့်တားမှုရပ်ရန်အတွက် ကြားဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီအရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဧပြီလ ၁၀ ရက်နေ့တွင် တောင်းဆိုသည်။

စစ်ကောင်စီသည် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေပြီး အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် အခြေအနေ သိသိသာသာ ဆိုးရွားစေကြောင်း ၎င်းကပြောသည်။
“မြန်မာပဋိပက္ခက သက်ဆိုင်သူအားလုံး ထိုးစစ်ရပ်ဖို့နဲ့ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားချင်းစာနာမှု ကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောင့်ယှက်တာရပ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက အလျင်အမြန် စဉ်းစားသင့်တယ်” ဟု မစ္စတာ တွမ် အင်ဒရူးက ပြောသည်။
စစ်တပ်သည် ၎င်းတို့ကြေညာထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ တိုက်ခိုက်မှုသစ် ဒါဇင်ပေါင်းများစွာ ပြုလုပ်ပြီး ဆိုးရွားသောရလဒ်များ ဖြစ်စေသည်ဟု ၎င်းကပြောသည်။
“တချိန်တည်းမှာပဲ အရမ်း လိုအပ်နေသူတွေများစွာဆီကို အကူအညီ မရောက်အောင် ဆက်လက် ဟန့်တားနေတယ်။ ဒါဟာ ဆိုးရွားတဲ့အခြေအနေကို ပိုမိုဆိုးရွားစေတယ်” ဟု သူက ဆက်ပြောသည်။
မြန်မာငလျင်သည် နေအိမ် ၄၈,၈၃၄ လုံး၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂,၀၄၅ ခု၊ ဌာနဆိုင်ရာရုံးအဆောက်အအုံ ၂,၁၇၁ ခု၊ တံတား ၁၄၈ ခုနှင့် ဘုရားစေတီ ၅,၂၇၅ ဆူကို ပျက်စီးစေကြောင်း စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။
ကိုးကား ။ ။ The Independent သတင်း UN calls on Myanmar junta to release Aung San Suu Kyi and respect earthquake recovery ceasefire
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)
ရွေးကောက်ပွဲက ငလျင်ကြောင့် သေဆုံးသူတွေကို စော်ကားရာရောက်လိမ့်မယ် (ရုပ်/သံ)
နိုင်ငံတကာအကူအညီ ငလျင်ဘေးသင့်သူများထံ မရောက်သေး
ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ
လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ
မြို့ပြ စီမံကိန်းများ သဘာဝဘေး ထည့်သွင်း စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် ပြော