အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးထိခိုက်မှုများထဲတွင် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၌ လူနေ အဆောက်အဦများသာမက ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ ၈၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးခဲ့သဖြင့် ဌာနဆိုင်ရာ ရုံးတချို့ကို သင်္ကြန်အပြီး ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရုံးစိုက်ရန် စီစဉ်နေကြောင်း သိရသည်။
ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော်၊ သမ္မတအိမ်တော်၊ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနများအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ဝန်ထမ်းအိမ်ရာ ရာနှင့်ချီပျက်စီးခဲ့ကာ ဝန်ထမ်းတချို့လည်း သေဆုံးခဲ့သောကြောင့် စစ်ကောင်စီဝန်ကြီးဌာနတချို့ လည်ပတ်မှုရပ်ဆိုင်းကာ မြန်မာပြည်တွင်း ခရီးသွားဗီဇာ (Tourist Visa) လျှောက်ထားမှုလည်း ယာယီဆိုင်းငံ့ထားသည်။
လက်ရှိတွင် ယာယီတဲထိုးပြီး လည်ပတ်နေရသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ဗဟိုဘဏ် အစရှိသည့် ရုံးများအား ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း နေပြည်တော်နှင့် နီးစပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ရန်ကုန်မြို့သည် အင်္ဂလိပ်လက်ထက်ကတည်းက အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်ကာ စစ်အစိုးရ နေပြည်တော် တည်ပြီးနောက် ရန်ကုန်ရှိ ဝန်ကြီးရုံး အဆောက်အဦအချို့ကို စီးပွားရေးလုပ်ငန်းရှင်များသို့ ရောင်းချခဲ့သော်လည်း အချို့ရုံးများ ကျန်ရှိနေဆဲဖြစ်သလို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကဲ့သို့ ရုံးလုပ်ငန်းများကို တချို့တဝက်လုပ်ဆောင်နေသည့် ဌာနများလည်း ရှိနေဆဲဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ငလျင်ကြောင့် နေပြည်တော်မှာ ဝန်ကြီးဌာနရုံးတွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွား တယ်။ စီးပွားကူးသန်းတို့ ဗဟိုဘဏ်တို့ ရန်ကုန်ကို ယာယီရွှေ့မယ်လို့တော့ ကြားတယ်။ အခု သင်္ကြန်ပြီးလောက် စမယ်လို့ပြောတယ်။ စီးကူးတို့ ဘာတို့က ရန်ကုန်မှာလည်း ရုံးတွေ ရှိပြီးသားဆိုတော့ ဟိုမှာ ပြန်ဆောက်လို့ မပြီးသေးခင် ယာယီရွှေ့မှာလည်း ဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငလျင်ကြောင့် အပျက်အစီးကြီးမားခဲ့သော ဝန်ကြီးဌာနရုံးများ ပြန်လည်တည်ဆောက်ရေး၊ ငလျင်သင့် ဒေသများရှိ အိုးအိမ်များနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း မြန်မာနှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောဆိုထားသည်။

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတို့တွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး လတ်တလော သင်္ကြန်ပိတ်ရက်များ ရှိနေသဖြင့် စစ်ကောင်စီဘက်မှ တရားဝင် ပြောဆိုခြင်းမရှိသေးကြောင်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
CDM ဗိုလ်ကြီးဇင်ယော်က “အရပ်ဘက်ဝန်ကြီးဌာန သုံးခု ဟိုတယ်နဲ့ခရီးသွား၊ နိုင်ငံခြားရေး၊ ပြီးတော့ လူဝင်မှုကြီးကြပ်ရေး ရွှေ့မယ်လို့ သတင်းကြားရပါတယ်။ ရွှေ့ဖို့လည်း သူတို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ နေပြည်တော်မှာ ဆိုးဆိုးရွားရွား ဖြစ်တာပေါ့နော်။ စစ်ရုံးထဲမှာဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ခန့်မှန်းတယ်။ မြင်သာထင်သာ ဓာတ်ပုံမှတ်တမ်းအရဆိုရင် ပျဉ်းမနား မြို့ထဲက ခလရ ၈၅ တခုထဲ မှတ်တမ်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် နိုင်ငံအနှံ့တိုက်ပွဲများသို့ စစ်သည်အင်အား စေလွှတ်ထားပြီး သဘာဝဘေးဒဏ်ခံရချိန်တွင် ကယ်ဆယ်ရေးအင်အားအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ၎င်းတို့၏ တပ်မိသားစု ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက်ကိုပင် ထိထိရောက်ရောက် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
လက်ရှိနေပြည်တော်ရှိ ဝန်ကြီးဌာနတချို့မှာ ယာယီတဲများ ထိုး၍ ရုံးထိုင်နေရပြီး တပ်မိသားစုများမှာလည်း မိမိအစီအစဉ် ဖြင့် အခြားနေရာတွင် ရွှေ့ပြောင်းငှားရမ်း နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း နေပြည်တော်ဒေသခံများထံက သိရသည်။
နေပြည်တော်ရှိ ဒေသခံတဦးက “သူတို့ဝန်ကြီးဌာနတွေ အကုန်ပြိုတယ်။ နိုင်ငံခြားရေးဆိုလည်း ကုလသံအမတ်တောင် ရုံးရှေ့မြက်ခင်းမှာ တဲထိုးပြီး လုပ်ရတာလေ။ ရွှေ့တာကတော့ ရန်ကုန်မှာက အရင် ရုံးဟောင်းတွေလည်း ရှိတော့ ခဏရွှေ့တာ ဖြစ်မယ်။ ဝန်ထမ်းအိမ်ရာတွေလည်း တော်တော်ပြိုတာ လမ်းပေါ်တွေမှာရော၊ ဘူတာတွေမှာရော ထား ထားတာတွေ့ရတယ်။ ဒီ ၆ လပိုင်းမတိုင်ခင်တော့ နေစရာ ပြန်အရ ဆောက်မယ်ပြောနေတယ်။ ဝန်ကြီးဌာနတွေ ဝန်ထမ်းအိမ်ရာတွေဘက် သိပ်မသွားလို့ တောင်ပေါ်တွေမှာဆိုတော့ အကုန်ပြိုပဲ။ အဲဒီပြိုကျတဲ့တိုက်တွေကြား ပစ္စည်းဝင်ရှာ ဓါးပြတွေတောင် တိုက်တယ်။ အခုတော့ တွေ့ရင် ပစ်မယ်ဆိုလို့ ငြိမ်သွားတာ”ဟု အခြေအနေကို ဧရာဝတီသို့ပြောသည်။

ယခုအချိန်တွင် ပြိုကျပျက်စီးခဲ့သည့် ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများကို ပြန်တည်ဆောက်ရန်၊ ပြုပြင် အချိန်ယူရမည် ဖြစ်ပြီး ဝန်ထမ်းများမှာ နေထိုင်ရေးအခက်အခဲများ ဖြစ်နေရာ လမ်းမပေါ်များရှိ ယာယီတဲများ၊ ဘူတာရုံများတွင် နေထိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
နေပြည်တော်တွင် ယာယီကယ်ဆယ်ရေး စခန်း ၇၅ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၂၉၀၀ ကျော် ရှိကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် အခြားသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုမှာ ၂၃,၈၀၀ ကျော်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း အစရှိသည့် ဒေသများ တွင် ရုံးဌာနအဆောက်အအုံပေါင်း ၅၄၀၀ ကျော်၊ နေအိမ်ပျက်စီးမှု ၅၂၀၀၀ ကျော်၊ ဘာသာရေး အဆောက်အအုံ ပေါင်း ၅၁၀၀ ကျော်၊ ဆေးရုံ၊ ဆေးခန်း ၆၀၀ ကျော်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၂၅၀ ကျော်၊ စာသင်ကျောင်း ၂၆၀၀ ကျော်နှင့် လမ်းတံတားများ ပျက်စီးခဲ့ ပြီး ၃၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ဧပြီလ ၁၄ ရက် ရက်စွဲဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်
နေပြည်တော် ရေပေါ်ဆီရပ်ကွက်တွေကိုလည်း ငလျင်က ချမ်းသာမပေး
နေပြည်တော် ရေပေါ်ဆီရပ်ကွက်တွေကိုလည်း ငလျင်က ချမ်းသာမပေး
နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်
ဗိုလ်ချုပ်များ အာဏာမြဲရေး သဘာဝဘေးကို အမြတ်ထုတ်