မန္တလေးတက္ကသိုလ်ရှိ စာစစ်ဆောင် ငလျင်ကြောင့် မီးလောင်၍ အဖြေလွှာ ပျက်စီးသွားသည့် အတွက် စာမေးပွဲပြန်ဖြေရန် စစ်ကောင်စီ ထုတ်ပြန်လိုက်ရာ မိဘများ၊ နိုင်ငံရေးပါတီများနှင့် ကျောင်းသူ ကျောင်းသား များအကြား ဝေဖန်မှုများထွက်ပေါ် နေသည်။
ယနေ့ထုတ်သတင်းစာ၌ မန္တလေးစာစစ်ဆောင် မီးလောင်မှုကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့မှ ဖြေဆိုခဲ့သော ကျောင်းသူ၊ ကျောင်းသားများ၏ အဖြေလွှာ ၄ သိန်းကျော် ပျက်စီးခဲ့ရကြောင်း၊ ထို့ကြောင့် အဆိုပါစာစစ်ဌာနများမှ ကျောင်းသူ၊ ကျောင်းသားများမှာ လာမည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ စာမေးပွဲပြန်ဖြေရမည် ဖြစ်ပြီး အချိန်ဇယားကိုပါ ဖော်ပြထားသည်။
နေပြည်တော်မှ ငလျင်သင့်ဝန်ထမ်းအိမ်ရာမှ ကျောင်းသားတဦးက “စာအုပ်တွေက ပျက်စီးပြီး အိမ်ကလည်းနေလို့မရ၊ ပျက်စီးသွားတာ ဘယ်လိုပြန်ဖြေရမလဲ။ စာမေးပွဲက ကောင်းကောင်းဖြေနိုင်ခဲ့တာ။ အခုတော့ ပြန်ဖြေဖို့လည်း စိတ်က အဆင်မပြေတော့ဘူး “ဟု ပြောသည်။
ကျောင်းသားများအနေဖြင့် ယခုကြေညာသည့်ရက်မှ စာမေးပွဲရက်မတိုင်မီ ရက်ပေါင်း ၅၅ ရက်သာ ပြင်ဆင်ခွင့်ရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ထုတ်ယူနိုင်ကြောင်း၊ ငလျင်ကြောင့် ပျက်စီးသွားသော စာစစ်ဌာနများအစား အခြားစာစစ်ဌာနများ၌ အစားထိုးဖြေဆိုရမည်ဖြစ်ကာ မန္တလေးတွင် စာစစ်ဌာန ၉ ခု၊ မြစ်သားတွင် ၉ ခု၊ နေပြည်တော်တွင် ၁၀ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် စစ်ကိုင်းတိုင်းအတွင်းရှိ အထက (မင်းကင်း)၊ အထက (ပန်းဆက်)၊ အထက (၁) တမူး၊ အထက (၂) ရွှေဘို၊ အထက (၁) ရေဦး၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက (မော်လိုက်)၊ အထက (ကင်းတပ်)၊ အထက (အရာတော်) စာစစ်ဌာနများ၌ ဖြေဆိုခဲ့သူများမှာမူ ပြန်လည်ဖြေဆိုရန် မလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

မန္တလေးနေ ပြည်သူတဦးက “ ကျမတူလေးက ဒီနှစ်မှ ၁၂ တန်းဖြေထားတာ။ စာအုပ်တွေလည်း ပြိုတဲ့ထဲပါသွားပြီ။ ငလျင်က မပြီးသေးတော့ ဒီအတိုင်းနေရင်းတောင် ပြေးလွှားနေရတာ ဘယ်လိုလုပ် အတန်းတက်ချိန်၊ စာကြည့်ချိန် ရှိမလဲ။ အသက်မသေဘဲတောင် ကျန်ခဲ့တဲ့ကလေးလေးပါ။ စိုးရိမ်ရလို့ မဖြေခိုင်းတော့ပါဘူး” ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ငလျင်ဒဏ်နှင့် နောက်ဆက်တွဲငလျင်များကြောင့် စားရေး၊ နေရေး ပူပန်နေရသည့် ကျောင်းသားထုအနေဖြင့် စာမေးပွဲဖိအားများ ထပ်မံခံစားရဦးမည်ဖြစ်ရာ ပြည်သူကို တာဝန်ယူမှု မရှိသည့် မတရားသော ဖြေရှင်းနည်းတခုဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်တခုနှင့်သာ ရွေးချယ်သော ခေတ်နောက်ပြန်ဆွဲသည့် စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက်၊ ဘာသာရပ်အလိုက် ကျောင်းသားများအား လိုအပ်သည့် စိစစ် စစ်ဆေးမှုများပြုလုပ်သည့် စနစ်တခုအား ပြောင်းလဲပစ်ရန် အလျင်အမြန်လိုအပ်ကြောင်း ဝေဖန်ချက် ထုတ်ပြန်သည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ငလျင်ဘေးဒဏ်ခံစားနေရသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် တပူပေါ်နှစ်ပေါ်ဆင့်၍ မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲ ဒဏ်သင့် ဒေသများမှ ကျောင်းသားများမှာ ပို၍ပင်ဒုက္ခဖြစ်စေနိုင်ကြောင်း၊ အဖြေလွှာဆုံးရှုံးခဲ့ရသော ကျောင်းသား များအား စာမေးပွဲ အအောင်ပေးကာ လာမည့် ကျောင်းဖွင့်ကာလ၌ ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်တခုခုသို့ လျှောက်ထား ခွင့်ပြုပြီး သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲ (သို့မဟုတ်) G-12 တနှစ်လုံး အတန်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ဖြေဆိုသင့်ကြောင်း အကြံပြုထား ထုတ်ပြန်ထားသည်။
မန္တလေးမြို့ခံတဦးက “အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ကြရတဲ့ ကလေးတွေကို ဖိအားမပေးဘဲနဲ့ တာဝန်ရှိတဲ့သူတွေ လက်ထဲကျမှ ဖြစ်တဲ့ ပြဿနာမို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ တာဝန်ယူသင့်ပါတယ်။ ကလေးတွေက သတ်မှတ်ချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ဖြေခဲ့ကြပြီးပါပြီ။ ကလေးတွေက စာလည်း ပြန်ကြည့်ချင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးရသည့်ဖြစ်ရပ်မှာ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော အင်အားပြင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတွင် ဧရာဝတီတိုင်းအတွင်း တကြိမ်နှင့် ယခု တကြိမ် ဖြစ်ကာ နာဂစ်ဖြစ်စဉ်တွင် စာမေးပွဲပြန်ဖြေစရာ မလိုခဲ့သော်လည်း ငလျင်ဖြစ်စဉ်၌ စစ်ကောင်စီက ပြန်လည် ဖြေဆိုခိုင်းခြင်းဖြစ်သည်။
ပညာရေးအသိုင်းအဝိုင်းမှ ဆရာတဦးက “ဒီငလျင်ဒဏ်ခံထားတဲ့ ကျောင်းသားတွေအတွက် အထူးအစီအစဉ်အနေနဲ့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ ဝင်ခွင့်ဖြေခိုင်းတာမျိုး ဒါမှမဟုတ် လာမယ့် ၁၂ တန်းကို ဆက်ဖြေခွင့် ပေးတာမျိုးက သဘာဝကျမယ်ထင်တယ်။ အခုက မေးခွန်းတူတာပဲမေးမေး၊ လွယ်တာပဲမေးမေး အဆင်မပြေတဲ့ကိစ္စပါ” ဟု မှတ်ချက်ပြု သည်။
၂၀၂၄-၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၇ မှ ၂၂ ရက်ထိ ကျင်းပခဲ့ပြီး ကျောင်းသားစုစုပေါင်း ၂၂၀,၈၄၃ ဦး စာရင်းသွင်းထားကာ ဝင်ရောက်ဖြေဆိုသူ ၂ သိန်းကျော်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြသည်။
You may also like these stories:
ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း
မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ
ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ