စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးသော်လည်း ဖားကန့်မြို့ကို ပိတ်ဆို့ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များကို အင်အားအလုံးအရင်းဖြင့် စစ်ဆင်ရန် ကြိုးပမ်းနေရာ တိုက်ပွဲဖြစ်ပွားနေသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက“ကာမိုင်းဘက်ကနေ စစ်ကြောင်းတကြောင်း၊ အင်းတော်ကြီး-မိုးညှင်း ဘက် ကနေ စစ်ကြောင်းတကြောင်း ဖားကန့်ဘက်ကိုထိုးစစ်ဆင်တာ အင်အားက တထောင်နီးပါးလောက်ရှိမယ် အင်းတော်ကြီး ဘက်မှာကတော့ မနေ့က မြေပြင်တိုက်ပွဲတွေရှိတယ်၊ လေကြောင်းကဗုံးကြဲလမ်းရှင်းပြီးမှ သူတို့တက်လာတယ် လို့ပြော တယ်” ဟု ဧရာဝတီကို ပြောသည်။
အင်းတော်ကြီးကန်အရှေ့ခြမ်း နန့်မွန်းမြို့အနီး ဆနွင်းကုန်းရွာဘက်သို့ စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်တို့က ဧပြီ ၁၁ ရက်က စစ်ကြောင်းထိုးလာရာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုရှိခဲ့ပြီးနောက် ဧပြီ ၂၂ ရက်နှင့် ယနေ့နံနက်ပိုင်းက ဆနွင်းကုန်း၊ အင်းသာရွာတဝိုက်နှင့် ကန်အရှေ့ပိုင်းဒေသများ ဗုံးကြဲခံရကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ် မသိရကြောင်း KIA ဘက်ကပြောသည်။
ထိုဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရသူများ ရှိခဲ့သလို ဒေသခံများကို ဆေးကုပေးနေသည့် ဆေးရုံတရုံပါ တိုက်ခိုက်ခံရကြောင်း ထိုဆေးရုံအားဦးဆောင်နေသည့် ဒေါက်တာစိုးမင်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးဖော်ပြထားသည်။
မိုးညှင်း-အင်းတော်ကြီး-ဖားကန့်လမ်းကြောင်းရှိ အင်းတော်ကြီးကန်မြောက်ဘက်ခြမ်းရှိ ဝှေ့လုံစခန်း၊ ညောင်ပင်စခန်းနှင့် ချောင်းဝစခန်းတို့အား KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်တို့ ယမန်နှစ် ဇွန်လကတည်းက သိမ်းပိုက်ကာ လမ်းကြောင်းအား ဖြတ်တောက်ထိန်းချုပ်ထားသည်။
အခြားသော ဖားကန့်အဝင်လမ်းကြောင်းတခုဖြစ်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပေါ်က ကာမိုင်းဒေသ ဝန်းကျင် တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် လဝါရွာနှင့် ခွမ်စိုင်ယန်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်းသိရသည်။
ကာမိုင်းဒေသစစ်ရေးလှုပ်ရှားမှုများတွင် စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ လည်းပါဝင်ပြီး ဧပြီ ၁၃ ရက်က ခွမ်စိုင်ယန်ရွာအနီးတွင် KIA နှင့်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက် အပြန်အလှန်ပိတ်ထားပြီး ဆေးဝါးသယ်ဆောင်မှုများအား စစ်တပ်က ကန့်သတ်ထားသည်။
ကမာ္ဘကျော်ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့သို့ အဝင်လမ်းကြောင်းများနှင့် မြို့နယ်အတွင်းရှိ စစ်တပ်စခန်း အများစုအား KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကာ မြို့အားဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီအနေဖြင့် မြို့ပေါ်နေရာအချို့သာ ဆက်လက်ထိန်းချုပ်ထားနိုင်သည့်အခြေအနေရှိသည်။
ထို့ပြင် KIA ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့တွင်လည်း မြေပြင်တိုက်ပွဲများနှင့် လေကြောင်းဗုံးကြဲ မှုများ ဆက်ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ ၂၁ ရက်နေ့က စစ်ကောင်စီဘက်က KIA တွေရှိတဲ့နေရာကို မြေပြင်ကနေ စစ်ကြောင်းထိုးတယ်၊ အခုလောလော ပိုပြီးမှဂရုစိုက်ရတာကတော့ ဖားကန့်မြို့နယ်ဘက်နဲ့ ဗန်းမော်ဘက်မှာ၊ မြေပြင်စစ်ကြောင်းလည်းရှိတယ်၊ လေကြောင်းကတိုက်ခိုက်တာလည်းရှိတယ်၊ စခန်းထပ်သိမ်းရတာတော့ မရှိသေးဘူး” ဟု ပြောသည်။
စစ်တပ်အနေဖြင့် ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးဟုဆိုကာ ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ အပစ်ရပ်ပြီးနောက် ဧပြီ ၃၀ ရက်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း ထပ်မံကြေညာခဲ့သည်။
ယင်းသို့ အပစ်ရပ်ကြေညာထားစဉ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အပါအဝင် နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် အရပ်သားသေဆုံးသူများရှိခဲ့ရာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲမှုတွင် လသားအရွယ် ကလေးငယ်များအပါအဝင် သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၂၁ ဦးထိ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း
KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ
ဖားကန့် တန်သုံးထောင်စစ်စခန်းကို KIA ပူးပေါင်းတပ် သိမ်း
ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်