ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထုတ်ပြန်သည့် အပစ်အခတ်ရပ်စဲရေးသက်တမ်း ကုန်ဆုံးပြီး သုံးရက်မြောက် နေ့ ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြင်းထန်စွာ ပြန်ဖြစ်လာရာ စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်ကြောင်း သိရ သည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ သေနတ်သံတွေ၊ အမြောက်သံတွေတော့ကြားပါတယ်။ စကစဘက်က စထိုးတာလား၊ ကျနော်တို့ဘက်က စထိုးတာလား၊ သဲသဲကွဲကွဲ မသိရသေးဘူး၊ ဒီမနက် ၄ နာရီ ၄၀ မိနစ်လောက်က စဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဗန်းမော်မြို့ကို သိမ်းရန် ယမန်နှစ်ဒီဇင်ဘာ ၄ ရက်က KIA ပူးပေါင်းတပ်များက စတင်ခဲ့ခြင်းဖြစ်ပြီး ငါးလအတွင်း တပ်ရင်းအချို့နှင့် မြို့တွင်းနေရာများအား သိမ်းပိုက် ခြေကုပ်ယူထားနိုင်ပြီ ဖြစ်သော်လည်း မြို့အားအပြီးသတ် သိမ်းပိုက်ခြင်း မရှိသေးပေ။
ဧပြီ ၂၁ ရက်ကလည်း စစ်တပ်က ဗန်းမော်မြို့ရှိ KIA တပ်များရှိရာသို့ စစ်ကြောင်းထိုးလာရာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
လက်ရှိဗန်းမော်မြို့တွင် စစ်တပ်ဘက်က အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အပြင် ခလရ-၄၇၊ အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ ဆေးတပ်စသောတပ်ရင်းအချို့ကျန်ရှိနေသေးကြောင်း KIA ဘက်က ပြောသည်။
ဗန်းမော်မြို့စစ်ရေးအခြေအနေများအား ဖော်ပြပေးနေသည့် Banmaw Scout Team အဖွဲ့ကလည်း စကခ-၂၁ နှင့် ခလရ-၄၇ တို့အား တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေပြီး စစ်တပ်ကလည်း ထိုတပ်ရင်း များအနီးသို့ လေကြောင်းမှ တိုက်ခိုက်ကြောင်း၊ ကုက္ကိုလ်တောရပ်ကွက်နှင့် သီရိ၊ ဆင်ကုန်း၊ ဟန်းတဲရပ်ကွက်တို့ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဖော်ပြသည်။

ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ရေးအတွက် စစ်တပ်အနေဖြင့် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်များ ရပ်တန့်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သလို လကုန်အထိ သက်တမ်းတိုးထားသော်လည်း နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။
လတ်တလောတွင် KIA ပူးပေါင်းတပ်များပိတ်ဆို့ထားသည့်ဖားကန့်မြို့သို့ တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် အင်းတော်ကြီး ဒေသနှင့် ကာမိုင်းဒေသတို့တွင် စစ်ကြောင်းနှစ်ခုခွဲကာ တိုက်ခိုက်နေသကဲ့သို့ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်လျက် ရှိသည်။
ဗိုလ်မှူးကြီးနော်ဘူက “ဖားကန့်ဘက်မှာတိုက်ပွဲက ဆက်ပြီးပြင်းထန်လာနိုင်သလို ဗန်းမော်မှာလည်း ဒီအတိုင်းပါပဲ။ အင်းတော်ကြီးဘက်မှာ မနေ့က တိုက်ပွဲဖြစ်တယ်။ ကာမိုင်းဘက်မှာ မအူပင်ဘက်ကနေ စစ်ကြောင်းထိုးနေတာရှိတယ်၊ အပစ်အခတ်ရပ်စဲဆိုတာကို ဘာမှယုံကြည်မှုမရှိဘူး၊ သူတို့ရေးထားတဲ့ စည်းကမ်းလိုက်နာရေးဆိုတာလည်း သူတို့လိုက်နာမှာ မဟုတ်ဘူး” ဟု ပြောသည်။

အင်းတော်ကြီးဒေသနှင့် ကာမိုင်းဒေသသို့ စစ်ကြောင်းနှစ်ခုခွဲကာ ထိုးစစ်ဆင်လာသည့်စစ်တပ်တွင် အင်အား တထောင်နီးပါးပါဝင်ပြီး ယမန်နေ့ညပိုင်းကလည်း ကာမိုင်း-ဖားကန့်လမ်းပိုင်း မအူပင်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ကာမိုင်း-ဖားကန့်လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုးလှုပ်ရှားလာပြီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ ပျားအုံစသည့် ကျေးရွာနေပြည်သူများ စစ်ရှောင်ထွက်ပြေးနေရကြောင်းလည်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။
လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဝိုင်းမော်အခြေစိုက် ခမရ-၅၈ တပ်ရင်းကလည်း ပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတင်းများ နားစွင့်နေကြရန် KIA ဘက်က သတိပေးထားသည်။
You may also like these stories:
စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်
KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ
အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း