မန္တလေးငလျင်ကြောင့် ရန်ကုန်- မန္တလေးလမ်းပိုင်းရှိ လမ်းတံတားများ ပျက်စီးခဲ့ရပြီးနောက် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ခများ နှစ်ဆကျော်မြင့်သွားသလို ကုန်ဈေးနှုန်းလည်း လိုက်ပါတက်နေကြောင်း ဒေသခံများထံက သိရသည်။
မန္တလေး ကုန်စည်ပို့ဆောင်ရေးသည် အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်များအဓိက ပို့နေပြီး တန်ဆာခမှာ ယခင်ဂျပ်ဖာတဗူးလျှင် ကျပ်နှစ်သောင်းကျော်ရှိရာမှာ ယခု ခြောက်သောင်းကျော်၊ လက်ဆွဲအိတ် တလုံး လေးထောင်ကျပ်မှ ယခုအမြင့်ဆုံး ၁၈၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။
မန္တလေးမြို့ခံ အမျိုးသမီးတဦးက “ ရန်ကုန်ကို ပစ္စည်းပို့တာ လက်ဆွဲ စက္ကူတဖာကို အရင် ၄၀၀၀၊ အခုက ၁၈၀၀၀ လောက် ပေးရတယ်။ အခု မြဝတီဘက်ကနေ လူသုံးကုန်တွေ မှာထားတာ ၅ ပေလောက်ရှိတဲ့ အထုပ်တထုပ်ကို အရင် မန္တလေး အရောက်တန်ဆာခ ၆၀၀၀၀ ကနေ ၈၀၀၀၀ လောက်ပဲရှိတာ၊ အခု ကျပ် ၂၅၀,၀၀၀ ပေးရတယ်”ဟု ပြောသည်။
လမ်းတံတားများ ပျက်စီးခဲ့ရသည့် ရန်ကုန်- မန္တလေးလမ်းကို ယာဉ်ငယ်များသာခွင့် ပြုထားသလို စစ်ကိုင်းတံတား ၌လည်း ကုန်ကားများ အကန့်အသတ်ဖြင့် ဖြတ်ခွင့်ပြုထားသည့်အတွက် အများအားဖြင့် ရေကြောင်းမှ သယ်ယူ ပို့ဆောင်နေရပြီး သင်္ကြန်အပြီး လုပ်ငန်းများ ပြန်စရန်ပြင်နေသော အခြေအနေများကြောင့် တန်ဆာခများ မြင့်တက်လာကြောင်း သိရသည်။

မတ် ၂၈ ရက် ပြင်းထန်ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ လူနေ တိုက်တာအဆောက်အအုံ ၄၈,၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅,၂၇၅ ဆူ ပြိုကျ ပျက်စီးခဲ့သလို ဆည်မြောင်းတမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်း၊ ရထားလမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ အမြန်လမ်းမကြီးတလျှောက် အပိုင်း ၁၄၈ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
မန္တလေးမြို့ခံတဦးက “ကုန်ပစ္စည်းဈေးနှုန်းတွေ ငလျင်လှုပ်ပြီးကတည်းကတက်တာ အခုထိပဲ၊ ဆန်ကတော့့ အလတ်စ တအိတ် ၁၈၀၀၀၀ ကျပ်လောက် ဆန်ညံ့ဆို ၁၄၀၀၀၀ ကျပ် အနည်းဆုံးပဲ။ စားအုန်းဆီ တပိဿာ ၁၄၀၀၀ပဲ ”ဟု ပြော သည်။
လက်တလောတွင် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးနှင့် နေရာချထားရေးများ ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သောကြောင့် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လိုအပ်သည့် ကုန်စည်များကိုသာ သယ်ယူပို့ဆောင်မှုများရှိနေပြီး ကုန်ကားပိုင်ရှင်အချို့ကလည်း လမ်းပန်းအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။
You may also like these stories:
မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ
ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ
ပြင်းထန်ငလျင်ကြောင့် အဆောက်အအုံနှင့် ဘုရားစေတီ ၅ သောင်းကျော် ပျက်စီး