နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများတွင် အထွေထွေအာမခံ (General Insurance) ဖြစ်သည့် ကား၊ အိမ်၊ အဆောက်အဦ၊ စက်ရုံများ အာမခံထားရှိခြင်းကို ပုဂ္ဂလိကကုမ္ပဏီများသာမက မြန်မာ့အာမခံလုပ်ငန်းကပါ ယာယီ ရပ်ဆိုင်း ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက် ငလျင်ကြောင့် မြန်မာ့အာမခံလုပ်ငန်း၏ Digital Payment ဝန်ဆောင်မှု Server များ ထိခိုက် ပျက်စီး၍ ရွှေ့ပြောင်းနေရသဖြင့် Website နှင့် Mobile Application တို့မှ ရောင်းချခြင်းကို ရပ်ထားသလို ပုဂ္ဂလိကကုမ္ပဏီ များမှလည်း ပျက်စီးဆုံးရှုံးမှုများအတွက် အာမခံ လျော်ကြေးကိစ္စ လုပ်ဆောင်နေရသဖြင့်ဖြစ် ကြောင်း သိရသည်။
General Insurance ရောင်းချဝန်ဆောင်မှုပေးနေသော ကိုယ်စားလှယ်တဦးက “လောလောဆယ် ဖြစ်တဲ့ဒေသ မန္တလေး၊ စစ်ကိုင်းတို့ဘာတို့ဆိုရင် သဘာဝဘေးနဲ့ ပတ်သက်တဲ့ဟာကို သူတို့ လျော်ကြေးတွေပေးလို့ မပြီးသေးတော့ ဒီအာမခံကို ရပ်ထားပြီး မီးအာမခံတို့ဘာတို့ ရောင်းတယ်”ဟု ပြောသည်။
ယခုကဲ့သို့ သဘာဝဘေးအာမခံ ရောင်းချခြင်းကို ရပ်တန့်ထားသည်မှာ နှစ်လခန့် ကြာမြင့်နိုင်သည်ဟု ကြားသိရကြောင်း လည်း ၎င်းက ဆိုသည်။
ပုဂ္ဂလိက အာမခံကုမ္ပဏီများနှင့် မြန်မာ့အာမခံလုပ်ငန်းကွာခြားချက်မှာ ဝန်ဆောင်မှုဖြစ်ပြီး မြန်မာ့အာမခံတွင် အလုံးစုံ အာမခံထားပါက ထိခိုက်မှုတစုံတရာဖြစ်ပေါ်၍ လျော်ကြေးပေးသည့်အခါ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့ကြောင့် အများစုမှာ ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆောက်အဦ အာမခံထားမည်ဆိုလျှင် သဘာဝဘေးအာမခံအပါ အလုံးစုံအာမခံအနေဖြင့် အဆောက်အဦတန်ဖိုး၏ ၁ ဒသမ ၂ ရာခိုင်နှုန်းယူပြီး တနှစ်လျှင်တကြိမ် ငွေသွင်းရကြောင်း အာမခံဝန်ဆောင်မှုပေးသူများက ပြောသည်။

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့မှ ငလျင်သင့်ပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်မှုများအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေချိန် သဘာဝဘေးအာမခံ ရောင်းချမှုကို ရပ်နားလိုက်သည့်အပေါ် ဝေဖန်ပြောဆိုနေကြသည်။
ယင်းသို့ ပိုင်ဆိုင်မှုများအား သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်ဆိုင်းခြင်းနှင့် ပတ်သက်ပြီး အာမခံကုမ္ပဏီများ အနေဖြင့် အမြတ်အစွန်းရလိုမှု တခုထဲဖြင့်သာ လုပ်နေကြောင်း၊ မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းတချို့မှာ တခုခုဖြစ်ပေါ်မှု ကြောင့် လျော်ကြေးပေးရသည့်အခါ ပိုင်ရှင်ကျေနပ်မှုရှိအောင် လုပ်ဆောင်ပေးခြင်း အားနည်းကြောင်း ဝါရင့်ကားရောင်း ဝယ်ရေး လုပ်ကိုင်သူတဦးကလည်း ဆိုသည်။
ယခု ငလျင်ကြောင့် မြန်မာ့အာမခံလုပ်ငန်းတခုတည်းပင် လျော်ကြေးတောင်းခံစာ အစောင်ရေ ၁၅၀ ကျော် လက်ခံရရှိ ထားပြီး အာမခံ လျော်ကြေးငွေ ကျပ် ၈၀ ဘီလီယံခန့် ပေးလျော်ရနိုင်ကြောင်း သိရသည်။
လျော်ကြေးများကို အလုံးစုံဆုံးရှုံးမှုအတွက် အာမခံထားသည့်အတိုင်း အလုံးစုံပေးချေမည်ဖြစ်ပြီး တစိတ်တဒေသ ဆုံးရှုံးမှု များကိုလည်း ဆုံးရှုံးသွားသည့် အစိတ်အပိုင်းများအား ပြင်ဆင်စရိတ်အဖြစ် လျော်ကြေးငွေပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ ပုဂ္ဂလိက အာမခံလုပ်ငန်းများမှလည်း အာမခံလျော်ကြေးငွေများ ပေးနေကြောင်း သိရသည်။
သဘာဝဘေးအာမခံအတွက် အာမခံရောင်းချမှု ယာယီရပ်ဆိုင်းထားသော်လည်း အသက်အာမခံ၊ မီးအာမခံ၊ ပစ္စည်းခိုး ခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အာမခံ စသည့်အမျိုးအစားများ ရောင်းချပေးနေကြောင်း အာမခံလုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။
မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ ရာနှုန်းပြည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီ ၅ ခု၊ ပြည်တွင်း ပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီ ၆ ခု၊ ဖက်စပ်အထွေထွေ အာမခံ ကုမ္ပဏီ ၃ ခု၊ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လုပ်ကိုင်သည့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် စုစုပေါင်း ၂၇ ခုရှိသည်။
You may also like these stories:
ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်
ငလျင်အပြီး ရန်ကုန်- မန္တလေး သယ်ယူပို့ဆောင်ခ နှစ်ဆမြင့်သွား
ဘိလပ်မြေ ဈေးမြင့်၍ ဝယ်ရန် ခက်နေ