အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ နည်းပညာလောကရဲ့ အကျော်ကြားဆုံး ဘီလီယံနာ သူဌေးကြီးတချို့ ဝန်းရံပြီး သမ္မတ အဖြစ် ကျမ်းကျိန်ခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။
နည်းပညာ ဘီလီယံနာ အတော်များများဟာ ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခြင်း၊ အလှူငွေ ထည့်ဝင်ခြင်း တို့နဲ့ ဒုတိယ အကြိမ်မြောက် သမ္မတ သက်တမ်းမတိုင်မီ ထရမ့်နဲ့ ပူးပေါင်းခဲ့ကြပါတယ်။
အဆိုပါ ထောက်ခံမှုဟာ ထရမ့်က နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ဦးဆောင်သူတွေကို နှစ်ပေါင်းများစွာ တိုက်ရိုက်ဝေဖန် ခဲ့မှုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
သမ္မတ ကျမ်းကျိန်ခဲ့ပြီး နောက်ပိုင်းတော့ ပြောင်းလဲမှု အများကြီး ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင်နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ် လို့လည်း ဆိုပါတယ်။
သမ္မတ ကျမ်းကျိန်ပွဲကို လှူဒါန်းခဲ့၊ တက်ရောက်ခဲ့တဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေထဲက ၄ ဦးဖြစ်တဲ့ အီလွန်မတ်စ်, ဂျက်ဘီဇို, မတ်ဇကာဘတ် နဲ့ ဂျန်ဆင်ဟောင်း တို့ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး အခုချိန်ထိ စုစုပေါင်း ဒေါ်လာ ၁၉၃ ဒသမ ၆ ဘီလီယံ ဆုံးရှုံးခဲ့ပြီလို့ Bloomberg Billionaires Index အရ သိရပါတယ်။
တဦးချင်းစီ အလိုက် ဆုံးရှုံးမှု ပမာဏတွေကတော့ –
အီလွန်မတ်စ် (Elon Musk)
ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက အသားတင်ကြွယ်ဝမှု ဒေါ်လာ ၄၄၉ ဘီလီယံ ရှိခဲ့တဲ့ Tesla ကုမ္ပဏီ CEO အီလွန်မတ်စ် ဟာ ဧပြီလ ၂၈ ရက်နေ့ မှာတော့ ၃၃၅ ဘီလီယံပဲ ရှိတယ်လို့ သိရတာကြောင့် ဆုံးရှုံးမှု ၁၁၄ ဘီလီယံ ရှိခဲ့တာ ဖြစ်ပါတယ်။

တခြားသူတွေထက် ထရမ့်နဲ့ အနီးကပ်ဆုံး ဆက်ဆံရေးရှိတဲ့ မတ်စ်ဟာ အများဆုံး ဆုံးရှုံးခဲ့ရတာ ဖြစ်ပေမယ့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ်တော့ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
မတ်စ်က အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ကို ဦးဆောင်နေတာကြောင့် ၎င်းပိုင် Tesla ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့နေရပြီး အခုနှစ် ၂၀၂၅ အတွင်း Tesla ရဲ့ ရှယ်ယာ တန်ဖိုး ဟာ ၂၅ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မတ်စ်က မေလမှာ အစိုးရ အလုပ်မှာပေးနေတဲ့ အချိန်တွေကို လျှော့ချမယ် လို့တော့ ကြေညာထားပါတယ်။
ဂျက်ဘီဇို (Jeff Bezos)
Amazon တည်ထောင်သူ ဂျက်ဘီဇို ဟာ ဇန်နဝါရီ ၂၀ က ကြွယ်ဝမှု ဒေါ်လာ ၂၄၅ ဘီလီယံ ရှိပြီး ဧပြီလ ၂၈ ရက်မှာတော့ ၂၀၉ ဘီလီယံပဲ ရှိတော့တယ်လို့ စာရင်းမှာ ဖော်ပြတာကြောင့် ဒေါ်လာ ၃၆ ဘီလီယံ ဆုံးရှုံးခဲ့ရတာပါ။

သူပိုင်ဆိုင်တဲ့ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးတွေဟာ ဖေဖော်ဝါရီ လကတည်းက ကျဆင်းလာခဲ့တာလို့ ဆိုပါတယ်။
ထရမ့်ရဲ့ တရုတ် ထုတ်ကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံတဲ့ ကုန်သွယ်စစ်ပွဲဟာ Amazon ကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
Amazon seller တချို့ဟာ သူတို့ရဲ့ ရောင်းကုန်တွေကို ဈေးတွေ တင်နေကြပြီး ကုမ္ပဏီဘက်ကတော့ ဒါဟာ ရာနှုန်း အနည်းငယ်ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မာ့ခ် ဇကာဘတ် (Mark Zukerberg)
Facebook တည်ထောင်သူ ဇကာဘတ် ဟာလည်း ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့က ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၂၁၇ ဘီလီယံ ရှိခဲ့သူဟာ ဧပြီ ၂၈ ရက်မှာတော့ ၁၉၅ ဘီလီယံ ပဲ ရှိပြီး ၂၂ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ဆိုပါတယ်။

ဇူကာဘတ်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က တခြား ဘီလီယံတွေနဲ့ ယှဉ်ရင် ထရမ့်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေး ရှိခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် နေ့မှာ ထရမ့် ထောက်ခံသူတွေ စတင်ခဲ့တဲ့ အဓိကရုဏ်း အပြီးမှာ Facebook က ထရမ့်ရဲ့ အကောင့်ကို ယာယီ ဖယ်ရှားခဲ့တာကြောင့် ဆိုရှယ် မီဒီယာပေါ်မှာ ထရမ့်က အပြင်းအထန် ဝေဖန်ခဲ့ပြီး ဇူကာဘတ်ကို စစ်ဆေးမှု ပြုလုပ်တာ ဒါမှမဟုတ် ထောင်ချတာမျိုး ပြုလုပ်သင့်တယ်လို့ ဆိုခဲ့ဖူးပါတယ်။
ဇူကာဘတ် ပိုင်ဆိုင်တဲ့ Fecebook မိခင်ကုမ္ပဏီ Meta ဟာ အမေရိကန် အစိုးရရဲ့ တရားစွဲဆိုမှု ခံနေရပြီး သူပိုင်ဆိုင်တဲ့ Instagram နဲ့ WhatsApp တို့ကို ရောင်းချဖို့ ဖိအားပေး ခံနေရတာလည်း ဖြစ်ပါတယ်။
ဂျန်ဆင်ဟောင်း (Jensen Huang)
Nvidia ရဲ့ ဦးဆောင်သူ ဂျန်ဆင်ဟောင်း ဟာလည်း ဇန်နဝါရီ ၂၀ ရက်နေ့က ဒေါ်လာ ၁၁၇ ဘီလီယံ ပိုင်ဆိုင်မှု ရှိခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့မှာတော့ ၉၅ ဒသမ ၄ ဘီလီယံပဲ ရှိတော့တာကြောင့် ၂၁ ဒသမ ၆ ဘီလီယံ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ဂျန်ဆင်ဟောင်း ဟာ ထရမ့် ရဲ့ ကျမ်းကျိန်ပွဲကို မတက်ရောက်ခဲ့ပေမယ့် ဖြစ်မြောက်ရေး အတွက် ဒေါ်လာ ၁ သန်း လှူခဲ့တယ်လို့ သိရပါတယ်။

သူပိုင်ဆိုင်တဲ့ Nvidia ကုမ္ပဏီ ရဲ့ ရှယ်ယာ တန်ဖိုးတွေဟာလည်း ဒီနှစ်အတွင်း ၂၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
Nvidia ဟာ သူတို့ရဲ့ ချပ်စ်ပြားတွေ အတွက် ထိုင်ဝမ်ကို မှီခိုနေရပြီး ထရမ့်ရဲ့ တရုတ်နဲ့ ကုန်သွယ်စစ်ကြောင့် ကုမ္ပဏီရဲ့ ပထမ လေးလပတ်ဝင်ငွေကို ၅ ဒသမ ၅ ဘီလီယံ ဒေါ်လာ ထိခိုက်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
ထရမ့်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့တဲ့ အခြားနည်းပညာ ကုမ္ပဏီ ဦးဆောင်သူတွေလည်း စီးပွားရေး ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ စာရင်းမှာ Apple ရဲ့ CEO Tim Cook နဲ့ Google ဦးဆောင်သူ Sundar Pichai တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီနှစ်မှာ Apple ရဲ့ ရှယ်ယာတန်ဖိုး ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Google ရဲ့ မိခင်ကုမ္ပဏီ Alphabet က ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ် လို့လည်း ဆိုထားပါတယ်။
Ref : Business Insider