တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက မေလ ၂ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယနေ့ နံနက်ပိုင်း၌ အပြီးသတ် သိမ်းပိုက်လိုက်သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA ) တပ်မဟာ ၄ နယ်မြေရှိ ထီးခီးစခန်း ကို KNU/KNLA ၏ စစ်ရေးဦး ဆောင် မှုဖြင့် မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေမှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နှင့် TPLF ဒရုန်းအဖွဲ့တို့ပါဝင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဟု Force for Federal Democracy – FFD က အသိပေးထုတ်ပြန်သည်။

FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က “ထီးခီးစခန်းကို ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ အားကောင်းကောင်းနဲ့ ခက်ခက် ခဲခဲ သိမ်းပိုက်ခဲ့တာဖြစ်တယ်။ ထီးခီးစခန်းရဲ့ ၄ ပုံ ၃ ပုံလောက်က ထိုင်းနိုင်ငံထဲမှာလည်းရှိနေတယ်။ နယ်စပ်စည်းမျဉ်း ပေါ် မှာလည်း ရှိနေတဲ့အတွက် ထိုင်းဘက်က ဖိအားတချို့ရှိခဲ့ပါတယ်”ဟု ပြောသည်။
ထီးခီးနယ်စပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ကူပေးနေရာ ထိုင်းနိုင်ငံ လေပိုင်နက်အနီး ချဉ်းကပ်လာသည့်အတွက် ထိုင်းဘက်မှ သတိပေးသည့်အနေဖြင့် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသလို စစ်သား ၇၀ခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာချုပ်လက်အောက်ခံ ထားဝယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃မှ တပ်စွဲထားသည့် ထီးခီး နယ်စပ်စခန်းသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက်ချပေးသော အင်အားများအပါအဝင် အင်အားရာချီ ရှိကြောင်း၊ ထီးခီးစခန်းသည် ထားဝယ်- ထီးခီး ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသည့် စခန်းဖြစ်သောကြောင့် စစ်ကောင်စီက အသည်းအသန်ခုခံခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထားဝယ်ခရိုင် အတွင်းရေးမှုး ပဒိုစောအယ်နားက ပြောသည်။
ပဒိုစောအယ်နားက “ဒီလမ်းကြောင်းက ထိုင်းကုန်သွယ်ရေး လမ်းကြောင်းလည်းဖြစ်တယ် နောက်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကို ရုရှားကို ပေးလိုက်တဲ့အပေါ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းက ထီးခီးနယ်စပ်လမ်းကြောင်းနဲ့ ချိတ်ဆက်တဲ့အတွက် သူတို့က စိုးမိုးနိုင်ဖို့ အရေးကြီးတယ်။ ပြီးတော့ ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာ လုံခြုံရေး အရေးကြီးနေတာ” ဟု ပြောသည်။

မြန်မာနိုင်ငံတောင်ဘက် ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး အချက်အချာကျ သည့် နေရာတွင် အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးသည် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သလို ထိုစီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်မှ လာရောက်သည့် ကုမ္ပဏီများ သည်လည်း ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို အသုံးပြုနေရကြောင်းသိရသည်။
ထိုင်းဘက်မှ လာပါက ထီးခီးနယ်စပ်ဂိတ်မှ မိုင် ၆၀ ကျော်ဝေးသည့် မေတ္တာမြို့ထိ ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတိုင်းလာရပြီး မေတ္တာမြို့မှ ထားဝယ်ရေနက်ဆိပ်ကမ်းဘက် နှင့် ထားဝယ်ဘက်သို့ လမ်းများ ခွဲသွားခြင်း ကြောင်း ဒေသခံအမျိုးသားတဦးက ပြောသည်။
ထို့ကြောင့် ထားဝယ်-ထီးခီး ကုန်သွယ်ရေး လမ်းပိုင်းထိန်းချုပ်နိုင်ရေးသည် နှစ်ဖက်စလုံးအတွက် အရေးပါပြီး လက်ရှိတွင် အဆိုပါလမ်းပိုင်း၌ ဗောဓိ၊ ငါးရံ့နီ၊ သုခစခန်း၊ မေတ္တာဗျူဟာ၊ ကျောက်မဲတောင် စသည့် စစ်ကောင်စီစခန်းများ ကျန်ရှိနေ ကာ ထီးခီးနယ်စပ်စခန်း နှင့် ၁၂ ကီလိုမီတာကွာရှိ ထီးထ စစ်ကောင်စီဗျူဟာကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ပြီးခဲ့သော ဧပြီ ၁၉ ရက်၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
You may also like these stories:
ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား
ရေး-ထားဝယ်လမ်းပိုင်း ပြန်ထိန်းချုပ်ရန် စစ်ကောင်စီ ထိုးစစ်ဆင်
မြိတ်- ထားဝယ်လမ်းပေါ်ရှိ ပဲဒက်စခန်း စစ်တပ် ပြန်သိမ်း