စစ်ကောင်စီပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံမှ Gulf Petroleum Myanmar (GPM) တို့သည် ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုခွဲဝေရေး စာချုပ်တစောင်ကို နေပြည်တော်တွင် မေလ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးကြပြီး ထိုသဘာဝဓာတ်ငွေ့စီမံကိန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပထမဆုံး သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်ဖြစ်သည်။
မြန်မာတွင် ပြည်တွင်းစစ်ရှိန် မြင့်မားနေသကဲ့သို့ ပြဿနာ ပတ်လည်ဝိုင်းနေသော စစ်ကောင်စီသည် အသုံးစရိတ်လိုငွေအတွက် အကြိမ်ကြိမ် ညည်းညူနေစဉ် ထိုစီးပွားရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
ထိုကိစ္စသည် မုတ္တမ ပင်လယ်ကွေ့မှ မင်းရဲသူ စီမံကိန်းနှင့် ပတ်သက်သည်။
Gulf Petroleum Myanmar သည် ထိုင်းနိုင်ငံမှ Northern Gulf Petroleum ၏ လုပ်ငန်းခွဲဖြစ်ပြီး ယခင် စစ်အာဏာရှင်ခေတ်က စစ်တပ်ထိန်းချုပ်ထားသည့် ရေနံလုပ်ငန်းကို ဝန်ဆောင်မှုပေးရန် ထူထောင်ထားသည့် ခရိုနီ SMART Group of Companies နှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည်။ GPM ၏ ခေါင်းဆောင်ပိုင်းတွင် SMART Group ၏ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ ကျော်ကျော်လှိုင် ပါဝင်သည်။
MOGE ၏ လောင်စာ ရောင်းချမှုသည် စစ်ကောင်စီအတွက် တခုတည်းသော အကြီးမားဆုံး နိုင်ငံခြားငွေရင်းမြစ်ဖြစ်ပြီး ပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နိုင်စေသည့် ရင်းမြစ်ဖြစ်သလို ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူခံထားရသည်။
စစ်ကောင်စီမီဒီယာ၏ အဆိုအရ အဓိကကျသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေနှင့် ပိုမိုသေးငယ်သည့် စီမံကိန်း နှစ်ခုလည်း ရှိသည်ဟု ဖော်ပြသောကြောင့် မင်းရဲသူသည် သတ္တမမြောက် စီမံကိန်းဖြစ်သည်။
အဓိက ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်း နှစ်ခုဖြစ်သော ရတနာနှင့် ဇောတိကတို့ကို ၎င်းတို့နှင့် ဆက်စပ် ပိုက်လိုင်းများနှင့်အတူ ထိုင်း၏ နိုင်ငံတော် တစိတ်တပိုင်းပိုင် ရေနံလုပ်ငန်းကြီး PTT Exploration and Production Public Company Limited (PTTEP) က MOGE နှင့် ပူးပေါင်း ဆောင်ရွက်သည်။

ရတနာ စီမံကိန်းသည် PTTEP ၏ မိခင်ကုမ္ပဏီ PTT သို့ ဓာတ်ငွေ့ရောင်းချခြင်းမှာ စစ်အုပ်စုအတွက် အဓိက အကျိုးအမြတ်များသည့် ဝင်ငွေရင်းမြစ်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
GPM သည် မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas ထွက်သွားသည့် ၂၀၂၂ ခုနှစ်မှစတင်ပြီး ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းကိုလည်း စီမံနေသည်။ ထိုလုပ်ငန်းက မင်းရဲသူမှ ဓာတ်ငွေ့ကို ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်သည်။
၎င်း၏ မိခင်ကုမ္ပဏီ Northern Gulf Petroleum သည် အခွန်ကောက်ခံမှုနည်းသော ဘာမြူဒါ၊ ဗြိတိသျှ ဗာဂျင်ကျွန်းစုနှင့် စင်ကာပူတို့မှ အမည်ခံ ကုမ္ပဏီများဖြင့် ရှုပ်ထွေးသော ဖွဲ့စည်းပုံရှိသည်ဟု Justice For Myanmar ပြောသည်။
အဓိက ကမ်းလွန်စီမံကိန်းများတွင် ထုတ်လုပ်မှု ကျဆင်းနေပြီး သဘောတူညီချက် ကုန်ဆုံးချိန် နီးလာသောကြောင့် ထိုစီမံကိန်းသစ်အတွက် ဝမ်းမြောက်ကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။ ထိုစီမံကိန်းသစ်သည် ရှာဖွေထုတ်လုပ်မှုသစ်များကို ငွေကြေးထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ တိုးတက်လာမည်ဟု ၎င်းကပြောသည်။
ထို့နောက် ထိုငွေကို စစ်ကောင်စီက ပြည်သူများအား တိုက်ခိုက်ရန်၊ အထူးသဖြင့် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများတွင် သိမ်းကျုံးလေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် မြှင့်တင်ရန် အသုံးပြုမည်ဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုကို စိုးရိမ်သောကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် အဓိကကျသည့် စွမ်းအင်ကုမ္ပဏီများ မြန်မာမှ ဆုတ်ခွာကြသည်။ ထိုသို့ဆုတ်ခွာသည့် ကုမ္ပဏီများတွင် အမေရိကန် ပြည်ထောင်စုမှ Chevron, ပြင်သစ်မှ TotalEnergies နှင့် သြစတြေးလျမှ Woodside တို့ ပါဝင်သည်။ Chevron နှင့် TotalEnergies တို့သည် ရတနာစီမံကိန်းမှလည်း ဆုတ်ခွာကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thai Firm Signs Up for Another Offshore Natural Gas Project in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကို ဦးမိုက်ကယ်မိုးမြင့် ရေနံ ကူညီတူးပေးမည်
MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်
နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း
တရုတ်သို့ ရေနံတင်ပို့ရန် ရုရှားက မြန်မာပိုက်လိုင်း အသုံးပြု
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး
ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်