ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့၌ မုတ်သုန်လေအားကောင်းနေရာ မိုးသည်းထန်စွာရွာသဖြင့် ချင်း ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ တောင်တန်းများကို မြစ်ဖျားခံလာသည့် ကုလားတန်မြစ်ရေတက်လာ၍ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒင်းနှင့် ကာကီရွာမှ ပလက်ဝစစ်ရှောင်တို့၏ အိမ် ၁၃၀ ကျော်နစ်မြှုပ်ပျက်စီးခဲ့သည်။
အဆိုပါ စစ်ရှောင်များမှာ ၂၀၂၃-၂၀၂၄ ခုနှစ်က စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)၏ တိုက်ပွဲများကြောင့် အိန္ဒိယဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ရသည့် ချင်းပြည်နယ်မှ ပလက်၀ ဒေသခံများဖြစ်သည်။
စစ်ဘေးရှောင်တဦးက “လက်ရှိမှာ နေအိမ်တွေကလည်း လုံးဝပျက်စီးသွားပြီ၊ မိုးကလည်း ဆက်ရွာနေသေးတယ်။ လောလောဆယ်တော့ အမိုးအကာ၊ နေရာထိုင်ခင်းအတွက် အရေးကြီးလိုအပ်တယ်။ အစားအသောက်အတွက်ရော လိုတယ်။ ရွှေ့ပြောင်းလို့ ရတဲ့ ပစ္စည်းတွေကတော့ မိုးရေထဲ ပုံထားရတယ်” ဟု ပြောသည်။
အဆိုပါစခန်းနေ စစ်ရှောင်များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီများ လိုအပ်နေ ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။
Paletwa IDPs and Humanitarian Supporting အဖွဲ့၏ ထုတ်ပြန်ချက်အရ တွီဒင်းစစ်ရှောင်စခန်း၌ အိမ်ခြေ ၆၃လုံး ကာကီစစ်ရှောင်စခန်းတွင် အိမ်ခြေ ၆၉ လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပြီး ရေဘေးသင့်စစ်ရှောင်များကို ကျေးရွာ ခန်းမတွင် နေရာချထားပေးကြောင်း သိရသည်။

လက်ရှိအခြေအနေအရ စစ်ရှောင်များကို အိန္ဒိယဒေသအာဏာပိုင်တို့ကလည်း ကူညီခြင်းမရှိသလို ပလက်ဝကို သိမ်းထားသည့် အာရက္ခတပ်တော် (AA)ထံမှလည်း အကူအညီမရကြောင်း၊ မည်သည့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်း များမှ မရောက်ရှိသေးသောကြောင့် အကူအညီများ လိုအပ်နေသလို ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် ထိုအဖွဲ့က နှိုးဆော်ထားသည်ကို တွေ့ရသည်။
မေ ၃၀ ရက်က မိုးသည်းထန်၍ ကုလာတန်မြစ်ရေ တက်မှုကြောင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာအနီး၌ ကုန်တင်စက်လှေ ၁၀ စီး နစ်မြှုပ်ခဲ့ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း၊ အိန္ဒိယဘက်ခြမ်း လောင်တလိုင်မှ ရခိုင်ပြည်နယ် ကျောက်တော်သို့ တင်ပို့မည့် ကုန်များဖြစ်ရာ အများအပြားဆုံးရှုံးကြောင်း သိရသည်။

ကုလားတန်မြစ်သည် ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချယ်လ်တိတလန်တောင်တန်းများမှ မြစ်ဖျား ခံသည် ဘွိုင်နု(ဗွေနု)၊ တီမစ်၊ ထရောဘာ(ထအိုရီဗာ)စသည့် နယ်ခြားမြစ်များမှ မြစ်ဖျားခံပြီး စစ်တွေမြို့အနီး ဘင်္ဂလား ပင်လယ်ထဲသို့ စီးဝင်သည်။ မိုးအခါ ရေစီးသန်သော်လည်း နွေအခါ ရေကြောင်း ပြောင်း၍ သွားလာမှု အခက်အခဲ ရှိသည်။
မြန်မာနယ်စပ်နီးသည့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အနောက်မြောက်ဘက်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခဲ့ သော ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ထားပြီး မဏိပူရ၊ အာသံ၊ နာဂလန်း နှင့် မီဇိုရမ် စသည့် ပြည်နယ်များတွင် ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိခဲ့ကြောင်း အိန္ဒိယအခြေစိုက် Time of India သတင်းဌာနက ဖော်ပြသည်။