ရခိုင်ပြည်နယ်တွင် ယခုနှစ်မိုးရာသီ ငှက်ဖျားဖြစ်ပွားသူ ၁ ထောင်ကျော်ရှိသလို ဆေးဝါးနှင့် ရိက္ခာဖြတ်တောက်ခံထားရ သည့်အတွက် သေဆုံးသူဦးရေမှာလည်း ယခင်နှစ်ထက် တိုးလာကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။
ငှက်ဖျားကြောင့် ပြီးခဲ့သည့်နှစ်က သေဆုံးသူ နှစ်ဆယ်ခန့်ရှိခဲ့ရာ ယခုနှစ်တွင် ၃၀ ကျော် အထိ ရှိလာကြောင်း သိရသည်။
အမ်း၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားမှုများပြားပြီး ဆေးဝါး အလုံအလောက်မရှိခြင်း၊ ကုသမှုခံယူရန် အလှမ်းဝေးခြင်းတို့ကြောင့် သေဆုံးသူတိုးလာခြင်း ဖြစ်ကြောင်း၊ အမ်းမြို့နယ်တွင် ငှက်ဖျားကြောင့် သေဆုံးသူ ၂၁ ဦး ထက်မနည်းနှင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်မြို့နယ်တို့တွင် ၁၀ ဦးကျော် ရှိကြောင်း ကျန်းမာရေး ဝန်ထမ်းများနှင့်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သေဆုံးသူများထဲတွင် ကလေးငယ် အများစု ပါဝင်ပြီး စစ်ရှောင်စခန်းများအပြင် ကျေးရွာများအတွင်းပါ ငှက်ဖျားဖြစ်ပွား မှုရှိနေပြီး ခြင်ထောင် အလုံအလောက်မရှိခြင်း၊ ဝမ်းရေးအရ တောတောင်များဆီ နေ့စဉ်သွားရောက်၍ ထင်းရှာ၊ ဟင်းရှာ ရခြင်း၊ ကာကွယ်ဆေးမရရှိခြင်းတို့ကြောင့် ငှက်ဖျားဖြစ်ပွားမှုများနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ထောက်ပြကြ သည်။
အမ်းဒေသခံတဦးက “အဓိက ခြင်ထောင် မရှိဘူး၊ တောတောင်တွေကနေ ခြင်ကိုက်ခံလာရတဲ့သူတွေဆီကနေ ကူးကြတာ၊ ဆေးကုဖို့ မလွယ်ဘူး၊ ငှက်ဖျားဆေးကလည်း မလုံလောက်ဘူး” ဟု ပြောသည်။
အမ်းမြို့နယ် အမ်းချောင်းနှင့် ဒလက်ချောင်းတလျောက်ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံး ရှိနေ ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နယ်မြေခံဝန်ထမ်းများနှင့် ဒေသခံများက ပြောကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဝန်ထမ်းတဦးက “အမ်းချောင်းထဲမှာ ကျနော်တို့ သိရသလောက် ၁၆ ဦးရှိပြီ သေတာ၊ တခြားဘက်တွေမှာလည်း ရှိတယ်၊ အကုန်လုံး ၂၁ ဦး ရှိပြီလို့ သိရတယ်။ ရန်ကုန်ဘက် သွားရင်းနဲ့ ရိုးမပေါ် လမ်းမှာ သေတာလည်း ရှိတယ်” ဟု ပြောသည်။
ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ထားသောကြောင့် ရခိုင်ပြည်တွင်းမှ ပြည်သူများသည် ရန်ကုန်အပါအဝင် ပြည်မဒေသများသို့သွားလိုလျှင် မှောင်ခိုလမ်းကြောင်းမှတဆင့် တောတောင်ဖြတ်ကျော်၊ ခြေကျင်ခရီးဖြင့် သွားလာ နေကြရခြင်း ဖြစ်သည်။

ထို့ပြင် ပြည်နယ်တွင်း၌ အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် ပြည်မနှင့် ပြည်ပဘက်သို့ တရားမဝင် လမ်းကြောင်းများမှတဆင့် သွားနေကြသူ အများအပြားရှိနေပြီး လမ်းခုလတ်တွင် ငှက်ဖျားမိကာ ဆေးကုခွင့် မရဘဲ သေဆုံးနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မင်းပြားမြို့နယ် ဖုံသာချောင်းတလျှောက်ရှိ ကျေးရွာများ၊ မြောက်ဦးမြို့နယ်အထက်ပိုင်း၊ ကျောက်တော်မြို့နယ် ကုလား တန်အထက်ပိုင်းရှိ ကျေးရွာများ၊ ကျောက်တော်မြို့နယ် ယိုးချောင်းတလျောက်ကျေးရွာများ၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျား ချောင်းတလျောက်ကျေးရွာများနှင့် ရသေ့တောင်မြို့နယ် မြောက်ပိုင်းဒေသတို့တွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားသူ အများ အပြားရှိနေကြောင်း ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
ငှက်ဖျားဖြစ်ပွားသူများသည့် ဒေသခံများဆီ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ကျန်းမာရေးဌာနမှ ကွင်းဆင်းကာ ဆေးဝါးကုသပေးနေသော်လည်း ဝန်ထမ်းအင်အားနှင့် ဆေးဝါးလိုအပ်ချက် ရှိနေကြောင်း ပြောကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ကျန်းမာရေးဌာန ဝန်ထမ်းတဦးက “အဓိက လိုအပ်ချက်ကတော့ ဆေးဝါးပြည့်စုံမှု မရှိဘူး၊ ကိုယ်တွေမှာ၊ Test kit (ငှက်ဖျားစစ် ကိရိယာ) အဲဒါတွေ အဓိက လိုတယ်။ အဲဒါကြောင့်လည်း သေဆုံးသူတွေ ရှိနေတာ၊ ဆေးတွေရဖို့တော့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်” ဟု ပြောသည်။
ယခင်ကဆိုလျှင် ရခိုင်ပြည်တွင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များစွာရှိခဲ့ပြီး ယင်းအဖွဲ့အစည်းများမှာ ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းများ ခန့်အပ်ထားကာ ငှက်ဖျားသံသယ ရှိသူများကို ဆေးစစ်ခြင်း၊ ပိုးတွေ့လျှင် အခမဲ့ကုသမှုပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တိုက်ပွဲများနှင့် ဒေသ အခြေအနေများကြောင့် ကူညီရေးအဖွဲ့များလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရကြဘဲ ဆေးဝါးနှင့် ဘတ်ဂျက်အခက်အခဲ များလည်း ရှိနေကြောင်း ဆိုကြသည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကမူ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စီမံချက်တရပ် ချမှတ်လုပ်ဆောင် နေကြောင်း ကျန်းမာရေးဝန်ထမ်းများက ဆိုကြသည်။
ရခိုင်တွင် တာဝန်ထမ်းခဲ့ဖူးသော ကျန်းမာရေးဝန်ထမ်းတဦးက “ငှက်ဖျားဆေးတွေက ပြင်ပဈေးကွက်တွေမှာ မရှိတော့ ရှားနေတာ” ဟု ပြောသည်။
ငှက်ဖျားရောဂါသည် ရာသီဥတု၊ ခြင်ပေါက်ဖွားရာနေရာ၊ လူများရွှေ့ပြောင်းသွားလာမှု၊ ကာကွယ်ဆေးနှင့် ကုသဆေးများ အခြေအနေတို့ကြောင့် ဖြစ်ပွားနိုင်ပြီး အချိန်မီဆေးကုသမှုမပေးနိုင်၊ ဆေးဝါးလုံလောက်မှုမရှိလျှင် သေဆုံးမှုများနိုင် ကြောင်း အထွေထွေရောဂါ အထူးပြုဆရာဝန်ကြီးတဦးက ပြောသည်။
“ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်တဲ့သူတွေနဲ့ အဆုတ် ကျောက်ကပ်ထိတဲ့သူတွေ သေဆုံးနိုင်ပါတယ်။ ရောဂါပြင်းထန်မှု၊ ရောဂါအခံ၊ အရင်က ငှက်ဖျားဖြစ်ဖူးခြင်းရှိ၊ မရှိ အချက်တွေအပေါ် မူတည်ပြီး သေဆုံးနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ သေဆုံးမှု ပို၍မတိုးလာစေရေး ငှက်ဖျားဖြစ်ပွားရာဒေသများတွင် ခြင်သတ်ဆေးဖြန်းပေးခြင်း၊ ခြင်ပေါက်ဖွားနိုင် သောနေရာများ ရေများတွင် ပိုးလောက်လန်းသေဆေး (Abate) ခတ်ပေးခြင်း၊ ကွင်းဆင်းပညာပေးခြင်းတို့ လုပ်ဆောင်ရန် လိုကြောင်း ထောက်ပြ အကြံပြုကြသည်။ သို့သော် ရခိုင်ပြည်တွင်း အရင်းအမြစ်နှင့်ဆေးဝါးလိုအပ်ချက်တို့ ရှိနေခြင်း ကြောင့် အခက် အခဲ ကြုံနေကြရသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်တွင် ထိုးစစ်များစခဲ့သည့် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည် မြို့နယ် ၁၄ ခုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတို့ လည်ပတ်နေကာ ကျန်းမာရေး၊ ပညာရေးစသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများပါ ပူးတွဲ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ရခိုင်ဒေသတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ဆေးဝါး၊ ကုန်စည် သယ်ယူရေးလမ်းကြောင်း များအားလုံးကို ဖြတ်တောက်လိုက်သဖြင့် အခြေခံစားသောက်များ အဆမတန်ဈေးတက်နေသလို ဆေးဝါး ရှားပါးမှု နှင့်လည်း ကြုံနေကြရသည်။
ထို့ပြင် ရခိုင်ပြည်တွင်းမှ ကလေးငယ်များသည် အသက် နှစ်နှစ်မပြည့်မီ မဖြစ်မနေထိုးနှံရန်လိုသော ကာကွယ်ဆေးများ ထိုးခွင့်မရဖြစ်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်လည်း ကာကွယ်ဆေး မထိုးကြရသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။
ယင်းအခြအနေများကြောင့် ရခိုင်ပြည်တွင်း ကလေးအသေမွေးဖွားမှု ခပ်စိပ်စိပ်တွေ့လာရပြီး ငါးနှစ်အောက် ကလေး သေဆုံးမှုနှုန်းလည်း မြင့်လာကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောကြသည်။
You may also like these stories:
စစ်ကောင်စီကြောင့် ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ
စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ
နယ်စပ်ဆေးရုံများ ကုသမှုရပ်ဆိုင်းပြီးနောက် အရေးပေါ်လူနာ တချို့သေဆုံး
စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြား အာဟာရတန်ဖိုး ပြည့်ဝဖို့ ဘယ်လိုဖြေရှင်းမလဲ