အဆိုတော် အစ္စဏီအား ပုဒ်မှု ၃ ခုဖြင့် တရားစွဲဆိုမှုပြုလုပ်ထားတဲ့ တရားရုံးချိန်းရဲ့ ၉ကြိမ်မြောက်မှာတော့ တရားလို ဖြစ်သူမော်ဒယ် စူးရှထက်ဘက်မှ တာမွေမြို့နယ်တရားရုံးမှာ စစ်ဆေးနေခဲ့ရာမှ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို ပြောင်းရွေ့ပေးရန်အတွက် လျှောက်ထားခဲ့တယ်လို့ အဆိုတော် အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးထံကနေ သိရပါတယ်။
အဲဒီ ၉ ကြိမ်မြောက်ရုံးချိန်းကိုတော့ တရားလိုဖြစ်သူနှင့် တရားလိုရဲ့ ရှေ့နေဖြစ်သူတို့မှာ လာရောက်ခဲ့ခြင်း မရှိဘဲ တရားရုံးပြောင်းလဲပေးရန်အတွက်သာ လျှောက်သွားခဲ့တယ်လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
“ဘယ်အကြောင်းအရာနဲ့ ပြောင်းရွေ့လဲဆိုတာတော့ မသိပါဘူး။ ဒီရုံးက လုံခြုံရေးလည်း အပြည့်အဝပေးထားတယ်။ မှန်မှန်ကန်ကန်လည်း စစ်ဆေးပေးတယ်။ ကျနော်တို့ကလည်း မှန်မှန်ကန်ကန်နဲ့ ထုတ်ဖော်ပြီးတော့ ဒီနေ့မှာဆက်ပြီး အမှန်တရားဖော်ထုတ်ဖို့ လုပ်တဲ့အခါမှာ တရားလိုဘက်က ဘာအတွက်လည်းတော့ မသိပါဘူး။ ဒီရုံးမှာ စစ်တာပဲ သူ့အတွက် Safe မဖြစ်ဘူးထင်လို့လား မသိပါဘူး။ ရုံးပြောင်းပေးဖို့အတွက် လျှောက်သွားပါတယ်” လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက်တရားရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်ကို ဆက်လက်စစ်ဆေးမှာ ဖြစ်ပေမယ့် တရားလိုဘက်မှ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ပြင်ဆင်မှုပုဒ်မ ၆၅/ ၁၈ ဖြင့် ရုံးပြောင်းလျှောက်ထားခဲ့တဲ့အတွက် နောက်တကြိမ်ရုံးချိန်းကို ပြန်လည် ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရုံးချိန်းများစွာမှာ စစ်ဆေးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက “စစ်ဆေးခဲ့ သမျှဆိုရင်တော့ ပထမရုံးချိန်းတွေမှာလည်း ရုံးတော်ကိုတင်ပြခဲ့တယ်။ မီဒီယာကိုလည်း ထုတ်ပြခဲ့တယ်။ တရားလိုက နဂိုကတည်းကနေ ဒီအမှုကို လုပ်ကြံပြီးတော့ ဖန်တီးပြီးတော့ စွဲဆိုထားတဲ့ အနေအထားတွေဖြစ်တဲ့ ရှာဖွေပုံစံပါ ပစ္စည်တွေ၊ အမှန်တကယ် လုပ်ခဲ့ခြင်း မရှိတဲ့ လက်နက်ပစ္စည်းတွေ ဒေါက်ဖိနပ်တို့ ၊ ခြင်ဆေးဘူးတို့ကိုလည်း သက်သေနဲ့ တကွ Cele 7 ကရိုက်ကူးထားတွေကို တင်ပြထားပါတယ်” လို့ ဆိုပါတယ်။
စွပ်စွဲခံရသူဘက်က လုပ်ကြံစွပ်စွဲခံရတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြဖို့အတွက်ကို တရားလိုဘက်က စစ်ဆေးခံယူမှု မရှိ၊ မလာတဲ့အတွက် စွပ်စွဲခံရသူအနေနဲ့ ချုပ်နှောင်ခံရပြီး နစ်နာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်လို့လည်း ပြောပါတယ်။
ရုံးပြောင်းလျှောက်ရန်အတွက် တင်ပြထားခြင်းမှာ အထက်တရားရုံးရဲ့ အမိန့်အတိုင်းပဲ ဆက်လက်လုပ်ဆောင် သွားရမှာဖြစ်ပြီး တရားလိုဖြစ်သူ မကြာခဏတရားရုံးချိန်းများကို ပျက်ကွက်နေတဲ့အတွက် စွပ်စွဲခံရသူမှ အချုပ်အနှောင်ခံနေပြီး စွပ်စွဲခံထားရတဲ့အတွက် နစ်နာမှုများဖြစ်ပေါ်လျက်ရှိတယ်လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေက ဆိုပါတယ်။
အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော် ကိုတော့ တာမွေမြို့နယ် တရားရုံးတွင် ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး နောက်တကြိမ် ၁၀ကြိမ်မြောက်ရုံးချိန်းကိုတော့ ဇူလိုင်လ ၁၆ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။