မကြာသေးခင်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ အဆိုတော် ရွှေထိုက်၊ အဆိုတော် ရသနဲ့ ဒါရိုက်တာ မိုက်တီးတို့ရဲ့ အမှုများက အများပြည်သူ ပရိသတ်များကြား စိတ်ဝင်စားခြင်း ခံနေပါတယ်။

အဲဒီ မတိုင်ခင်ကလည်း သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူ မခင်မာမြင့်ကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ တိုင်ကြားချက်များအပြီး တိုင်ကြားသူ မခင်မာမြင့်က လိမ်လည် တိုင်ကြားခဲ့တာဖြစ်လို့ ယခုဆိုရင် အမှုမှန်ပေါ်ပေါက်လာပြီးနောက် သီဟတင်စိုးက ယနေ့၊ သြဂုတ်လ ၂၄ ရက်နေ့မှာ မီဒီယာများနဲ့တွေ့ဆုံပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်ထဲမှာပဲ အဆိုတော် အစ္စဏီက ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်တယ်လို့ တိုင်တန်းခံရပြီး အဲဒီအမှုနဲ့ပဲ လက်ရှိမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ကာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကလည်း လက်ရှိမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီလို အနုပညာရှင်များ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခြင်းခံရတဲ့အပေါ် ပရိသတ်များရဲ့ ဝေဖန်မှုများ ရှိနေပြီး ပရိသတ်ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ အနုပညာရှင်များအနေနဲ့ ဒီလိုသုံးစွဲခြင်း မပြုသင့်ဘူးလို့ ဝေဖန်ပြောကြားခြင်း ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇင်ဝိုင်းကတော့ ဒါဟာ ခေတ်တခုရဲ့စနစ်ဆိုးနဲ့ ဒီလိုသုံးစွဲကြတဲ့ အနုပညာရှင်တွေကတော့ မူးယစ်ဆေးရဲ့ သားကောင်များသာ ဖြစ်ကြတယ်လို့ ဧရာဝတီကို ဖြေဆိုခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ နှစ်များက Facebook သုံးစွဲသူများကြားမှာ CCS လို့ အတိုကောက်ခေါ်တဲ့ Cele Cele Small ဆိုတဲ့ အနုပညာရှင်များရဲ့ အတွင်းရေးများနဲ့ ကောလာဟလများကို ဖြန့်ဝေရေးသားတဲ့ Page တခု ပေါ်ထွက်ခဲ့ပါသေးတယ်။ အဲဒီ Page ရဲ့ အောင်မြင်မှုကလည်း အနုပညာရှင် တော်တော်များများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်အောင် ဖြစ်စေခဲ့ရပါတယ်။
ဒီလို ရေးသားဖြန့်ဝေခြင်း ခံရတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာလည်း သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် Page မှာ ေရးသားသူကို တိုင်ကြားခဲ့ရာမှာ အလှမယ် မျိုးကိုကိုစန်း ဖြစ်တယ်လို့ သံသယရှိတဲ့အတွက် ရဲစခန်းမှာ ထိန်းသိမ်းပြီး အစစ်ခံခဲ့တဲ့ အမှု ရှိခဲ့ပါသေးတယ်။
ဒါ့အပြင့် လွန်ခဲ့တဲ့ ၂နှစ်ခန့်ကပဲ သရုပ်ဆောင် လွင်မိုး ကျိုက်ထိုမြို့က မြေကွက်အမှုနဲ့ ပတ်သက်ပြီး အရင် ပိုင်ရှင်ဖြစ်တဲ့ ဗိုလ်မှူး စောနေဗလုတို့ကြားက အပြန်အလှန် ရှင်းလင်းကြတဲ့ အမှုကလည်း ပရိသတ်များကြား စိတ်ဝင်စားမှု ဖြစ်စေခဲ့ပါသေးတယ်။
အနုပညာရှင်များရဲ့ အမှုများကို အများပြည်သူများက အထူးစိတ်ဝင်စားခြင်း ခံရပြီး ဆိုရှယ်မီဒီယာ ခေတ်စားလာတာနဲ့အမျှ ဘယ်အနုပညာရှင်များရဲ့ အကြောင်းမဆို နေ့ မကူးဘဲ သတင်းအဖြစ် နေ့ချင်းတက်လာကာ ပရိသတ်ကလည်း ချက်ချင်းသိခွင့်ရလာကြပါတယ်။

အွန်လိုင်းပေါ်က နာမည်ကြီး ဟာသ သရုပ်ဆောင် အောင်ရဲထွေး အရိုက်ခံရပြီး သေဆုံးခဲ့မှုကလည်း Facebook အသုံးပြုသူများကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါသေးတယ်။ Show ပွဲတခုမှာ အရိုက်ခံရပြီး သေဆုံးခဲ့ရတဲ့ အောင်ရဲထွေးကို ရိုက်နှက်ခဲ့သူများက ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့တဲ့အတွက် ဝေဖန်သံများ ဆူညံနေခဲ့လို့ ဒီအမှုကို ပြန်လည်စစ်ဆေးဖို့ ဖြစ်လာခဲ့ပါတယ်။
ဒီနေ့၊ သြဂုတ်လ ၂၄ ရက်နေ့မှာလည်း သရုပ်ဆောင်စိုးမြတ်နန္ဒာက သူ မသိပါဘဲ သူ့နာမည်တပ်ကာ သတင်းစာမှာ အကြွေးဆပ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ကိုကျော်ကျော်ထွန်းကို အသရေဖျက်မှုနဲ့ ပြန်လည် တရားစွဲဆိုခြင်းကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအမှုကလည်း သရုပ်ဆောင်စိုးသူနဲ့ ကိုကျော်ကျော်ထွန်းတို့ကြားက ငွေကြေးပတ်သက်မှုသာဖြစ်ပြီး သူမနဲ့ မသက်ဆိုင်ဘဲ အခုလို နာမည်တပ်ပြီး ကြေညာခဲ့တဲ့အတွက် ဂုဏ်သိက္ခာအတွက် ပြန်လည် တရားစွဲဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါတွေကတော့ မကြာသေးခင်က အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့တဲ့ ပရိသတ်များ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရတဲ့ ပြစ်မှုများဖြစ်ပြီး ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတွေကို အရင်လို နောက်မကျတော့ဘဲ အမြန်ဆုံး လျင်လျင်မြန်မြန် သိရှိလာတာဟာ ဒီဘက်ခေတ် အွန်လိုင်းမီဒီယာများကြောင့်နဲ့ လူထုကြား အွန်လိုင်းသုံးစွဲသူ များပြားလာတာကြောင့်လည်း ဖြစ်ပါတယ်။