မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့်တရားစွဲဆိုခံထားရသော အဆိုတော်အစ္စဏီရဲ့ ၁၃ ကြိမ်မြောက် တရားရုံးချိန်းကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့မှာ တာမွေတရားရုံးမှာ ပြုလုပ်ခဲ့ပြီး အမှုတွဲမှာ တိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်ရှိနေတာကြောင့် ဆက်လက်စစ်ဆေးနိုင်ခြင်း မရှိသေးဘူးလို့ ၎င်းရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးထံမှ သိရပါတယ်။
“ဒီနေ့ရုံးထုတ်ကတော့ တိုင်းဒေသကြီးတရားလွှတ်တော်က အမှုတွဲယူသွားတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ ကို ပြန်ချိန်းထားပါတယ်။ မူလအမှုတွဲမရှိသေးလို့ မစစ်နိုင်သေးပါဘူး။ အမှုတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်နေပါတယ်”လို့ တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက ပြောပါတယ်။
အဆိုတော်အစ္စဏီရဲ့ အမှုတွဲအား တိုင်းဒေသကြီးတရားလွှတ်တော်မှာ ပြင်ဆင်ကြားနာပြီးပါက အမှုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ တရားလိုဖြစ်သူ စူးရှထက်နှင့် မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးရသေးတာဖြစ်ပြီး တရားလိုပြသက်သေ ၁၁ ဦးကို စစ်ဆေးရန်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
မော်ဒယ်စူးရှထက်အနေနဲ့ အဆိုတော်အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦး ၊ အစ်ကိုဖြစ်သူ ကိုကျော်စွာနှင့် အဆိုတော်ယုန်လေးတို့အား အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ တိုင်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေဦးကျော်ဇင်ဦး က အခုလိုပြောပါတယ်။
“တိုင်ကြားထားတဲ့ကိစ္စကတော့ ပြီးဆုံးသွားပါပြီ။ သူ့ရဲ့တိုင်ကြားမှုနောက်မှာ သက်ဆိုင်ရာရဲအရာရှိနဲ့ ဖြေရှင်းခဲ့ပြီး လျို့ဝှက်မှုဖြစ်တဲ့အတွက် ဖြေကြားလို့မရပါဘူး” လို့ဆိုပါတယ်။
အဆိုတော်အစ္စဏီရဲ့ကျန်းမာရေးအခြေအနေကတော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး နောက်တကြိမ်ရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
အဆိုတော်အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်မှ တာမွေမြို့နယ်တရားရုံးတွင် ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တိုဖြင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။