ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Victoria Secret မာဆတ်မှ တာဝန်ရှိသူများ၊ စီနီယာအလုပ်သမား အဖွဲ့ဝင်များနဲ့ ယာဉ်မောင်းများကို အသက် မပြည့်သေးတဲ့ မိန်းကလေးများအား ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုနဲ့ သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ တရားရုံးမှ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မိန်းကလေးတွေဟာ မြန်မာနိုင်ငံမှ အသက် မပြည့်သေးတဲ့ မိန်းကလေးတွေဖြစ်ပြီး အလိုမတူဘဲ ပြည့်တန်ဆာအဖြစ် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ခိုင်းစေခံနေရသူတွေလည်း ဖြစ်ပါတယ်။
တရားရုံးမှာ လူကုန်ကူးမှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပေမယ့် သက်သေ အထောက်အထား မလုံလောက်တာကြောင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မာဆတ်ရဲ့ မန်နေဂျာတွေဖြစ်တဲ့ Mr. Satthratham Jaengchai နဲ့ Mr. Boonsap Amlornrattanasiri ကိုတော့ ထောင်ဒဏ် ၁၈ နှစ်နဲ့ ၁၆ လချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ မာဆတ်မှ တာဝန်ရှိသူတွေ ဖြစ်တဲ့ Mr Chainarong Ansuk နဲ့ MKe Ekkanat Charuwatpathomkul တို့ကိုတော့ ၁၅ နှစ်နဲ့ ၁၂ လ ချမှတ်ခဲ့ပြီး အကျိုးတူ စီးပွားဖက် Ms Sasithorn Veerathepsuporn ကို ထောင်ဒဏ် ၇ နှစ်နဲ့ ၁၄ လချမှတ်ကာ ကားမောင်းသူ Decha Singsakorndecha ကို ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အခြား စီနီယာ အလုပ်သမားတွေဖြစ်တဲ့ Manas Uamtap နဲ့ Somchai Saeng-udom ကိုတော့ မတူညီတဲ့ အမှုတွေနဲ့ တရားစွဲဆိုထားပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ချိန်းဆိုထားပါတယ်။
ပြည့်တန်ဆာအမှုအရ သူတို့ဟာ နိုင်ငံဖြတ်ကျော်ကာ အသက် ၁၅ နှစ်အရွယ် မြန်မာ အမျိုးသမီးငယ်များကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးမယ်ဆိုပြီး သွေးဆောင်ဖြားယောင်း ခေါ်ဆောင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသမီးငယ်တွေ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အခါမှာတော့ မာဆတ်မှာ အလိုမတူဘဲ ခိုင်းစေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Huay Kwang ခရိုင်မှာ ရှိတဲ့ “Victoria Secret” မာဆတ်ကို ယခုနှစ် မတ်လမှာ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး မာဆတ်ကို အပြီးပိတ်သိမ်းကာ တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီမာဆတ်မှာ အလုပ်လုပ်ရတဲ့ မြန်မာမိန်းကလေးတွေဟာ ၂ နှစ်ကြာ မာဆတ်မှာ အလုပ်လုပ်ပြီးရင် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ Hat Yai (ထိုင်း-မလေးရှား နယ်စပ်မြို့) ကနေ တဆင့် ဘတ်စ်ကားများဖြင့် ထပ်မံပြောင်းရွှေ့ကာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် လုပ်ကိုင်စေတာ ဖြစ်ပါတယ်။ ဧည့်သည်များက သူတို့ကို ထိုင်းနိုင်ငံသို့ ပြန်လည် မပို့ခင် ကြိုတင် ချိန်းဆိုထားရတာ ဖြစ်ပါတယ်။
Thai PBS တွင် ဖော်ပြထားသော Executives of Victoria Secret massage parlour given heavy jail terms သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆို ထားသည်။
Ref; Thai PBS