Crime

အဆိုတော် ရသ အပါအဝင် ၃ဦး မူးယစ်ဆေးဝါးအမှုဖြင့် ခရိုင်တရားရုံးတွင် စတင်တရားစွဲဆို

မန္တလေးတွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးခံခဲ့ရသည့် အဆိုတော် ရသအပါအဝင် ၃ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးခရိုင်တရားရုံတွင် စတင်တရားစွဲဆိုခဲ့သည်။

“အဆိုတော်ရသရဲ့အမှုက တရားလို ရဲအုပ်လင်းထွန်းကတရားလိုလုပ် စွဲဆိုတဲ့အမှုဖြစ်ပါတယ်၊ အဆိုတော်ရသအပါ ၃ဦးကို ရာဇာဝတ်ကြီးအမှုအမှတ် ၂၄၂/၂၀၁၈ဖြင့် လက်ခံစစ်ဆေးသွားမှာဖြစ်ပါတယ်၊ စွဲဆိုတင်ပို့တဲ့ပုဒ်မကတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အရ စွဲဆိုတင်ပို့လာခြင်းဖြစ်ပါတယ်”ဟု မန္တလေးခရိုင်တရား ရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်စန်းစန်းဝင်းက ပြောသည်။

အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့ရှိ ဧည့်ရိပ်မွန်တခုတွင် သြဂုတ်လ ၁၄ ရက် နေ့ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုတော်ရသကို တရားရုံးသို့ ထုတ်လာစဉ်

 

ဖြစ်စဉ်မှာ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်းနှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်” ဧည့်ရိပ်မွန်တွင် အဆိုတော်ရသသည် မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ချမ်းမြသာစည်မြို့နယ် တရားရုံးက ချုပ်ရက်ရီမန် တပတ်( ၁၄ ရက်) ခွင့်ပြုခဲ့ကာ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ် ရီမန်တပတ်ကို ရဲတပ်ဖွဲ့က လျှောက်ထားခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ခရိုင်တရားရုံးတွင် အမှုကို စွဲတင်ခြင်းဖြစ်သည်။

မူးယစ်ဆေးပြား ၁၆၅၅ ပြား၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည့် ရဲမင်းသိန်း(ခ)ရသ (၃၅)နှစ်၊ မျိုးတင့်(၂၆နှစ်)နှင့် ခေမီ(ခ)ဗျာတာမီး(၂၀နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူပေးပါရန် အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်းမှ ရဲအုပ် လင်းထွန်းမှ တရားလိုပြုလုပ်၍ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူးစိတ်ပုဒ်မ-၁၉က/၂၁ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မန္တလေးခရိုင် တရားရုံးမှ ရာဖဝတ်ကြီးအမှုအမှတ် ၂၄၂/၂၀၁၈ဖြင့် လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သားအနေနဲ့ အခုလိုဖြစ်သွားတာက ဆေးဝါးတွေရဲ့တဒင်္ဂသာယာမှုကို ကြိုက်သွားတာ၊ ဥပမာ အရက်ကြိုက်တဲ့သူကို အရက်မကောင်းဘူးလို့သွားပြောရင် သူ့အတွက်က ကောင်းနေတယ်လေ၊ လူဆိုတာက အကြိုက်ဆိုရင် မရှောင်နိုင်ကြဘူး၊ အဲဒီလိုအကြိုက်အတွေ့ကို ရှောင်နိုင်ဖို့အတွက်က စိတ်တခုပါပဲ၊ ကိုယ်တွေ့မှာ မရှောင်နိုင်တာလေးတွေရှိတယ်”

“ဒီလို ဖမ်း ဆီးအပြစ်ပေးအရေးယူခြင်းခံရတာကလည်း သူ့ရဲ့အတိတ်ကံအကြောင်းအကျိုးပါလာတော့ ပြေးမလွတ်ဘူးပေါ့၊ အခုဖြစ် သွားတာကတော့ အဲဒီလို ကိုယ်တွေ့မှာမရှောင်နိုင် မထိန်းသိမ်းနိုင်ကြလို့ဖြစ်သွားတာပေါ့၊ သူကလည်းပြောပါတယ် သူ ကြိုက်တာကိုလုပ်တာ စွဲနေတာမဟုတ်ဘူးလို့ပြောပါတယ်” ဟု အဆိုတော်ရသ၏ဖခင် ဦးတင်အုန်းက ပြောသည်။

 

အဆိုတော်ရသကို တရားရုံးသို့ ထုတ်လာစဉ်

 

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ရသ အပါအဝင် သုံးဦးကို စက်တင်ဘာ၁၇နေ့တွင် ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့သည်။

“စွပ်စွဲခံရသူဘက်က ရှေ့နေငှားရမ်းထုချေဖို့အတွက် ရုံးချိန်းတောင်းတဲ့အတွက် ခွင့်ပြုပေးခြင်းဖြစ်ပါတယ်၊ လာမယ့်ရုံးချိန်း မှာ ရှေ့နေကိုယ်စားလှယ်က ပါဝင်တင်ဖို့အတွက် ခွင်ပြုထားတာဖြစ်ပါတယ်၊ ရှေ့နေတွေက စစ်ဆေးဖို့အတွက် အဆင်သင့် ဖြစ်တယ်ဆိုရင် အဲဒီရုံးချိန်းမှာ တခါတည်းစစ်ပါမယ်၊ သူတို့က အဆင်သင့်မဖြစ်သေးလို့ အမှုတွဲလေ့လာချင်တယ်ဆိုရင် ကျမတို့က ရုံး ချိန်းကိုထပ်မံချိန်းဆိုပေးသွားရမှာပါ”ဟု ဒေါ်စန်းစန်းဝင်းက ဆက်လက်ပြောသည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူထံမှ အပြား ၂၀၀ ပါ တထုပ်လျှင် ၈ သောင်းကျပ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရန်နှင့် သုံးစွဲရန်အတွက် ဝယ်ယူခဲ့သော ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ခဲ့ကြောင်း သိရသည်။

Loading