မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် ရွှေထိုက် အပါအဝင် ၆ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးမှာ စွဲချက်တင်ထားရာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ တရားလိုဖြစ်သူ ရဲအုပ်ညွှန့်ဝင်းကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားလိုဖြစ်သူ လာရောက်ခြင်း မရှိ၍ စစ်ဆေးခြင်း မပြုလုပ်နိုင်ပါ။
အဆိုပါ အမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ၂၀(က) ရောင်းချမှုဖြင့် စွဲချက်တင်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ တရားလိုဖြစ်သူကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ မစစ်ဆေးဖြစ်ဘဲ နောက်တကြိမ် ရုံးချိန်းကို စက်တင်ဘာလ ၂၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ အဆိုတော် ရွှေထိုက် အပါအဝင် ၇ ဦးကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ရမန်ယူပြီး သြဂုတ်လ ၂၄ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် ရွှေထိုက် အပါအဝင် (၇) ဦးကိုတော့ ဩဂုတ်လ ၉ ရက်နေ့က ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာဝန်းအတွင်း စိတ်ကြွဆေးပြား ၊ ICE လို့ယူဆရတဲ့ အကြည်ရောင် အကြေခဲအချို့ ၊ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာတွေကို ရှာဖွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့မှာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ရန်ကင်းမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်
အဆိုတော် ရွှေထိုက်အား မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် စွဲချက်တင်