တရုတ်အခြေစိုက် Mobile App တခုမှာ လိင်ဆက်ဆံမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထိုင်းနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ (Tourist Police Bureau) က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် Damrongchai Channgam ၊ အသက် ၂၅ နှစ်အရွယ် Suparuek Signtha အသက် ၁၉ နှစ်အရွယ် Pannathorn Kaewsawan နဲ့ မြန်မာနိုင်ငံသား စိုင်းအောင်ညွှန့်တို့ကို တဦးချင်းစီ ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲ့ လက်ထောက်ရဲချုပ် Pol Maj Gen Surachate Hakparn က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ကွန်ပျူတာစနစ်ထဲကို ညစ်ညမ်းပုံတွေတင်မှု၊ ညစ်ညမ်းဓာတ်ပုံနဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်မှုတို့ကြောင့် ကွန်ပျူတာ အက်ဥပဒေနဲ့ ရာဇဝတ်မှု ဥပဒေပုဒ်မ ၂၈၇ အရ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဆိုပါ ဥပဒေတွေအရ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၅ နှစ် (သို့မဟုတ်) ဘတ်ငွေ တသိန်း၊ ဒါမှမဟုတ် နှစ်ခုစလုံး ချမှတ်ခံရမှာ ဖြစ်ပါတယ်။
အဖမ်းခံရသူ အမျိုးသား ၄ ဦးအနေနဲ့ တရုတ်နိုင်ငံထုတ် Mobile Application တခုကနေ လိင်ဆက်ဆံမှုတွေကို တိုက်ရိုက် ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ အဆိုပါ App ဟာ လိင်တူ ချစ်သူတွေအကြား ရေပန်းစားတဲ့ App တခုဖြစ်တယ်လို့ သိရပါတယ်။
တကမ္ဘာလုံးသုံးစွဲသူပေါင်း ၂၇ သန်းအထိ ရှိတဲ့ App ဖြစ်ပြီး၊ App နာမည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာလည်း အဆိုပါ App ကို သုံးစွဲနေသူပေါင်း ၃ သိန်းအထိ ရှိနေပြီး၊ သုံးစွဲသူဦးရေ ဆက်လက် တိုးမြင့်လျက်ရှိတယ်လို့ Pol Maj Gen Surachate က ပြောကြားသွားခဲ့ပါတယ်။
Bangkokpost တွင် ရေးသားဖော်ပြထားသော Four nabbed for live sex acts on China-based app သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Ref: Bangkokpost