၂၀၂၀ ရွေးကောက်ပွဲ အလွန် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် မတိုးနိုင်ဘဲ ရပ်တန့်သွားမည်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စိုးရိမ်လျက် ရှိကြောင်း သိရ သည်။
ဧပြီ ၁၁ ရက်က နေပြည်တော်၌ အစိုးရနှင့် KNU ကြား အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု အပြီး သတင်းစာ ရှင်း လင်းပွဲတွင် KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မီဒီယာများအား ပြောခြင်း ဖြစ်သည်။
ပဒိုစောတာဒိုမူး က “ကျနော်တို့ ပြောချင်တာက၂၀၂၀ မတိုင်ခင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs) ကြားမှာ ရည်မှန်းချက် တရပ်တော့ ရှိသင့်တာပေါ့။ ထိုနည်းတူ၂၀၂၀ အလွန်ကာလမှာလည်း ရှေ့ဆက် သွားနိုင်ဖို့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို ချထားသင့် သလဲ ဆိုတဲ့ လမ်းကြောင်း တခုကို ယူနေပါတယ်။ စိုးရိမ် မှု ဆိုတာထက် ကျနော်တို့ သေချာအောင် လုပ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ၄၊ ၅ နှစ်နှင့် မပြတ်နိုင်သည့် ကိစ္စတခု ဖြစ်သလို ယခု NLD အစိုးရ ၃ နှစ် ကျော်ကာလ အတွင်း အစိုးရများ၏ သဘော သဘာဝ အရ မူဝါဒ အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ရေရှည် တည် တံ့ ခိုင်မြဲသည့် ဖောင်ဒေးရှင်း တခု ချနိုင်သည့် အနေအထားမျိုး လိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အစိုးရက၂၁ ပင်လုံ တတိယ အကြိမ် အစည်းအဝေးများ အပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် Timeline ထုတ်ပြန်ခဲ့ ခြင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၀ ခုနှစ်တွင် ပြည်သူ့ လက်ဝယ်သို့ ငြိမ်းချမ်းရေး အပြီး အပ်နှံမည်ဟု ပြောဆိုခဲ့ခြင်းများကြောင့် ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်သည့် နည်းဖြင့် အစိုးရ၊ တပ်မတော်တို့က အရယူသွားမည်ကို တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့များက စိုးရိမ်နေကြခြင်း ဖြစ်သည်။
အစိုးရက ငြိမ်းချမ်းရေး မျှော်မှန်းချက် အဖြစ် တတိယ ပင်လုံ အစည်းအဝေး အပြီးတွင် ပင်လုံ ညီလာခံ ဆက်လုပ်မည့် အကြိမ်ရေ၊ ၂၀၂၀ တွင် ဒီမိုကရေစီ အခြေခံမူများ ချထားပေးနိုင်ရေး တို့ကို ညီလာခံ ကိုယ်စားလှယ်များကြား သဘော တူညီပြီး ချပေးခဲ့သော်လည်း၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေး ညီလာခံများ မရှိတော့မည်ကို တိုင်းရင်းသားများက စိတ် ပူလာကြောင်း ယနေ့ ဆွေးနွေးပွဲ အပြီး အစိုးရ ဘက်က ပြောသည်။
အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ကျနော်တို့ကတော့ မျှော်မှန်းချက် ချလိုက်တယ်။ ချလိုက်တဲ့ အပေါ်မှာ ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့ အပေါ်မှာ ကျနော်တို့ ပြန်ညှိမယ်။ ကျနော်တို့ အခု စဉ်းစား နေတာက ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ NCA ဆိုတာ ဖြစ်လာတယ်။ ဒီအစိုးရ လက်ထက်ကနေ နောက် အစိုးရ လက်ထက်ကျရင် ဆက်ပြီးတော့ သွားနိုင်တဲ့ လမ်းကြောင်း တခု ဒီလမ်းကြောင်း တခုကို ဆွေးနွေးနေတာ ဖြစ်တယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်မယ်။ ပြည်သူ လူထုကို ငြိမ်းချမ်းရေး အပ်နှင်းမယ်လို့ ပြောတယ်။ အဲဒီတော့ ၂၀၂၀ မတိုင် မီ DDR ၊ SSR (လက်နက် ဖြုတ်သိမ်းမှု) ဇွတ်အတင်း လုပ်တော့မှာလား ဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်လာတယ်” ဟု ဆိုသည်။
သို့သော် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုချက်များ အရ တပ်မတော်ဘက်မှ လိုချင်သည့် အနေ အထားမှာ ၂၀၂၀ မတိုင်မီတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးကို NCA ထိုးစေလိုပြီး တိုက်ပွဲ မဖြစ်သည့် အခါ ငြိမ်းချမ်းသည့် အခြေအနေကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရသည်။
ယခင် အစိုးရ လက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ပြီး ယခုလည်း ဆက်လက် ပါဝင်နေသူ ဦးလှမောင် ရွှေက NCA လက်မှတ် ရေးထိုးခြင်း လုပ်ငန်းစဉ်သည် မြန်ဆန်သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးမှုများကို အသေးစိတ် ဆောင်ရွက်ရသည့် အခါ ယင်းလုပ်ငန်းစဉ် အပေါ် ပူပန်မှုများ ရှိသဖြင့် အနည်းငယ် နှေးသွားကြောင်း၊ သို့ သော် တိုင်းပြည်တွင် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ပုံစံ ဆက်လက် ရှင်သန်နေရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲတွေ ပုံမှန် ကျင်းပပေးဖို့ လိုတယ်။ ဒီဘက်မှာလည်း ငြိမ်းချမ်းရေး ဖြစ်စဉ် ကလည်း ပျက်မသွားဘဲနဲ့ ဆက်သွားဖို့ လိုတယ်။ အဲဒီ ၂ ခု ကြားထဲမှာ အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့ သွားဖို့ကို ကျနော်တို့က မျှော်လင့်တယ်။ အဲဒီအတွက်ကို အားလုံးက ကြိုးစားပြီး လုပ်ရမယ်”ဟု သုံးသပ် ပြောဆိုသည်။
NCA အပေါ် အတွေးအခေါ် ပိုင်းဆိုင်ရာ ယူဆချက်များ မတူညီသည့် အနေအထားတွင် ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှု အခြေအနေများကို တည့်မတ်နိုင်ရန် တွေ့ဆုံ၍ ကြိုးစားနေသည့် အခြေအနေဖြစ်ကြောင်း KNU မှ ပဒိုစောတာဒိုမူးက ပြောသည်။
“ကျနော်တို့ ဖက်ဒရယ် နိုင်ငံကို သွားတဲ့အခါမှာ UPC (ငြိမ်းချမ်းရေး ညီလာခံ) ဘယ် ၂ ပွဲ ကျင်းပမယ် ဆိုတဲ့ အခြေခံနဲ့ မဆုံးဖြတ်သင့် သလို ဘယ်နေ့၊ ဘယ်ရက်တော့ ရသင့်တယ် ဆိုတဲ့ အခြေခံနဲ့လည်း မဆုံးဖြတ်သင့်ဘူးလို့ ကျနော်တို့ ဘက်က ယူဆပါတယ်။ ကျနော်တို့ ဘယ်လောက်ထိ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ တည်တံ့ခိုင်မြဲ တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မလဲ အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
အစိုးရကမူ လက်ရှိ ချမှတ်ထားသည့် NCA လမ်းပြ မြေပုံ အဆင့် ၇ ဆင့် ရှိရာ ယင်း ၇ ဆင့်ကို ရှောင်လွှဲ၍ မရကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အနှစ်သာရ ရှိသည့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး နိုင်ငံရေး သဘောတူညီချက်များ ရရှိရန် အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းပုံစံ ဖြစ်ရန်လည်း အစုအဖွဲ့ များကြားတွင် စဉ်းစားချက် မျိုးစုံ ရှိနေကြောင်း ပြောဆိုသည်။
ဦးဇော်ဌေးက “နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပိုပြီးတော့ နိုင်ငံရေး အရ အနှစ်သာရ ရှိအောင် ဘယ်လိုလုပ်ကြမလဲ။ နောက်တချက် ကျနော်တို့ သွားနေတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း၊ အဆင့်တိုင်းကို ဘယ်လို သွားကြမလဲ ဆိုတဲ့ သဘော ထားကို ပြန်ဆွေးနွေးမှာ ဖြစ်တယ်။ အဲဒါကို KNU က အဆိုပြုလွှာ တင်တယ်။ အစိုးရဘက် ကလည်း ဒီဟာကို ပြန်ပြီး တော့ သုံးသပ်မှာ ဖြစ်တယ်” ဟု ပြောသည်။
NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ၁၀ ဦးတို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက်၌ ၁၀+ ၁၀ ထိပ်သီး အစည်းအဝေး ကျင်းပပြီး နောက်ပိုင်း KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီ ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၊ NCA အကောင်အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) စသည့် အစည်းအဝေးများလည်း ကျင်းပနိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းထားခဲ့ရသည်။
KNU သည် NCA ထိုးထားသည့် ကရင် လက်နက်ကိုင် အဖွဲ့ တခု ဖြစ်ပြီး တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တက် ရောက်နေခြင်းမှ ယာယီ နုတ်ထွက်သွားခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားခဲ့ရသည်။
အလားတူ ကရင် ပြည်နယ်၊ ဖာပွန် ခရိုင်ထဲတွင်လည်း KNU ၏ စစ်ရေး လက်အောက်ခံ ကရင် အမျိုးသား လွတ် မြောက်ရေး တပ်မတော်(KNLA)မှ တပ်မဟာ (၅)နှင့် တပ်မတော်ကြား တပ်မတော်မှ လမ်းဖောက် လုပ်သည့် ကိစ္စ များကြောင့် ၂၀၁၈ ခုနှစ် အတွင်းမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြပြီး ယုံကြည်မှု လျော့နည်းနေကြောင်း သိရ သည်။
တပ်မတော်ဘက်မှ လမ်းဖောက်လုပ်မှုကို ဒေသ ဖွံ့ဖြိုးရေး အကြောင်းပြသော်လည်း KNU ဘက်ကမူ တပ်အင်အား တိုးချဲ့ရာတွင် အသုံးပြုနိုင်သည့် လမ်းများဟု ရှုမြင်နေသည်။
ယခုတခေါက် KNU ၏ နေပြည်တော် ခရီးစဉ်တွင် တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့နှင့် တွေ့ဆုံရန် စီစဉ် ထားသော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ကျန်းမာရေး မကောင်းဆိုသည့် အကြောင်းပြချက်ကြောင့် တွေ့ဆုံခွင့် မရခဲ့ပေ။