အရှေ့တောင်အာရှ နိုင်ငံအများစုမှာ “Ya ba” လို့ ခေါ်တဲ့ စိတ်ကြွဆေးထုတ်လုပ်မှုကို တိုးချဲ့ လုပ်ကိုင်လာကြပါတယ်။ ဒီလို တိုးချဲ့လုပ်ဆောင်လာကြတဲ့အတွက် စိတ်ကြွဆေးပြား တပြားရဲ့ တန်ဖိုးက ကျဆင်းလာခဲ့ပြီး အသုံးပြုသူ ပမာဏကတော့ ပိုမို တိုးတက်လာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်လည်း “Ice” နဲ့ “Ya ba” ထုတ်လုပ်မှုနှုန်းတွေက လျင်မြန်တဲ့အရှိန်နဲ့ တဟုန်ထိုး တိုးတက်လာခဲ့သလို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာခဲ့ကြပါတယ်။ ဈေးနှုန်းတွေ ကျဆင်းလာတာကြောင့်လည်း ဝယ်လိုအားတွေ ပိုမိုများပြားလာခဲ့ပြီး သုံးစွဲမှုပမာဏကလည်း အဆမတန် တိုးမြှင့်လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ အဆိုအရ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း အရှေ့အာရှက နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ အရှေ့တောင် အာရှက နိုင်ငံပေါင်း ၁၃ နိုင်ငံတို့ဟာ စိတ်ကြွဆေးကို မူးယစ်ဆေးဝါးအနေနဲ့ အလွန်အမင်း သုံးစွဲလာခဲ့ကြပြီး အခုဆိုရင်တော့ စိတ်ကြွဆေးသုံးစွဲမှုနှုန်းက စိုးရိမ်စရာအနေအထားကို ရောက်ရှိလာနေတယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ စိတ်ကြွဆေးသုံးစွဲမှုက ဗီယက်နမ်နိုင်ငံအတွက်တော့ ခြွင်းချက်တခုဖြစ်နေပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ အဓိကပြဿနာကတော့ ဘိန်းဖြူပါ။
၂၀၁၈ ခုနှစ်အတွင်းမှာ ဆိုရင်တော့ ထိုင်းနိုင်ငံတနိုင်ငံတည်းမှာတင် ဖမ်းဆီးရရှိမိတဲ့ စိတ်ကြွဆေးပြားပေါင်းက ၅၁၅ သန်း ရှိခဲ့ပါတယ်။ အများစုကတော့ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကနေ လာတယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီက ဆိုပါတယ်။
အေဂျင်စီရဲ့ အစီရင်ခံစာအရဆိုရင်တော့ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ရာဇဝတ်မှု ကျူးလွန်လေ့ရှိတဲ့ ဂိုဏ်းတွေဟာ စိတ်ကြွဆေးပြားနဲ့ အခြားမူးယစ်ဆေးဝါးအပြင် လူကုန်ကူးမှုလိုကိစ္စမျိုးတွေမှာပါ ဝင်ရောက် ပတ်သက်နေကြပါတယ်။
သမိုင်းကြောင်းအရ ဆိုရင်လည်း ရွှေတြိဂံဒေသဟာ ဘိန်းမည်းနဲ့ ဘိန်းဖြူထုတ်လုပ်ရာမှာ အဓိကကျတဲ့ အရင်းအမြစ်နေရာပါပဲ။ သိမ်းဆည်းရရှိနေတဲ့ ပမာဏ၊ စိတ်ကြွဆေးပြား တပြားရဲ့တန်ဖိုး၊ အသုံးပြုမှုပမာဏနဲ့ ဆေးဝါးကုသ ခံယူမှု စတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး တွက်ကြည့်ရင် အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ စိတ်ကြွဆေး ရောင်းဝယ် ဖောက်ကားမှုဈေးကွက်က ဆက်ပြီးကြီးထွားလာဖို့ပဲ ရှိနေပါ တယ်။
၂၀၀၀ ခုနှစ် နောက်ပိုင်းကစလို့ မူးယစ်ဆေးဈေးကွက်ဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှတွေဆီ ကို ကူးပြောင်းရောက်ရှိခဲ့ကြတယ်လို့လည်း ယူဆစရာ ရှိနေပါတယ်။ အရင်တုန်းကတော့ တရုတ်နဲ့ မလေးရှားလို နိုင်ငံတွေဟာ ဘိန်းဖြူဈေးကွက် ကြီးကြီးမားမားရှိပေမယ့် အခုဆိုရင်တော့ ဘိန်းဖြူဈေးကွက်နေရာမှာ စိတ်ကြွဆေးပြားဈေးကွက်က ဝင်ရောက် နေရာယူလာခဲ့တယ်လို့ အေဂျင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ၂၀၁၇ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ဘိန်းဖြူသုံးစွဲသူ ပမာဏထက် စိတ်ကြွဆေးသုံးစွဲသူ ပမာဏက ပိုမိုများပြားနေကြောင်းကို ပထမဆုံး အကြိမ် တွေ့ရှိခဲ့ပါတယ်။
Ref:bloomberg
You may also like these stories:
အရက်နာကျခြင်းကို ကုစားပေးနိုင်တဲ့ ရေခဲချောင်း