မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားတွင် ဇွန်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်၂ ဦး ဓားထိုးခံရမှုမှ ကျုးလွန်သူများကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၁ နယ်မြေရဲစခန်းမှ သိရသည်။
“ဖြစ်စဉ်ကတော့ CCTV မှတ်တမ်းအရ လိုက်လံစုံစမ်းခဲ့တာပါ၊ လောလောဆယ်မှာ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၆ ယောက် မိထားပါတယ်၊ အခုတော့ သူတို့ကို ချုပ်ရမာန်ယူထားပါတယ်၊ စစ်ချက်တွေယူပြီးရင်တော့ ဥပဒေရုံးမှာ အကြံတောင်း တင်သွားမှာပါ”ဟု အမှတ် ၁ နယ်မြေရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်အောင်ကျော်မျိုးက ပြောသည်။
“CCTV မှတ်တမ်းနဲ့ လက်ရှိစစ်ဆေးချက်အရ နောက်ထပ် ၂ ယောက် ပါသေးတယ်ဆိုတာသိရလို့ ဆက်လက် ဆောင်ရွက်နေပါတယ်၊ သူတို့ကိုလည်း အမြန်ဆုံးဖမ်းပြီး တရားစွဲဆိုတင်ပို့နိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဖမ်းဆီးရမိသူများမှာ မင်းမျိုးဟိန်း(ခ) မျိုးကြီး(ခ) မှော်ကြီး၊ နေမင်းဟန်(ခ) မျောက်ကလေး၊ မသဲသဲနိုင်၊ သော်တာထွန်း (ခ)ဝက်ပု၊ ကောင်းခန့်ကျော်(ခ)ကျော်ကြီး၊ မိုးသက်ခန့်(ခ)သားကြီး၊ ဖြိုးသက်ခန့်(ခ)သားငယ်တို့ဖြစ်ပြီး အခင်းဖြစ်ပွားရာ တွင် အသုံးပြုခဲ့သည့် စတီးရိုးတပ် ဓားဦးချွန်နှင့် အနက်ရောင် Scoopy i ဆိုင်ကယ်တစီးကိုလည်း သက်သေခံပစ္စည်းများ အဖြစ် သိမ်းဆည်းထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၉ ရက်နေ့ နံနက် ၁ နာရီ်ခန့်က ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်တွင် လူငယ် ၂ ဦး ဆိုင်ကယ်မောင်းလာစဉ် ၁၄ လမ်းနှင့် ၁၅ လမ်းကြားအရောက် အမျိုးသမီးတဦးပါဝင်သည့် အမည်မသိ လူ ၉ ဦးမှ လက်သီးဖြင့်ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့် ထိုးခဲ့ကြောင်း၊ ထိုးကြိတ်ခံရမှုကြောင့် လူငယ်နှစ်ဦးဖြစ်သည့် ထွန်းခန့်ခန့်ကျော်(ခ) ကိုခန့်မှာ ဘယ်ဘက်ပခုံး ညှပ်ရိုးအောက် ဓားဒဏ်ရာ ၂ ချက်နှင့် ထွန်းသူရသန်းမှာ နောက်ကျောဓားထိုးခံရသဖြင့် ဒဏ်ရာများရရှိခဲ့မှုကြောင့် ဆေးရုံကြီးသို့ တက်ရောက်ကုသမှုများ ခံယူခဲ့ရကြောင်း သိရသည်။
“ဖြစ်ကြတာက လူငယ်တွေဆိုတော့ တယောက်နဲ့တယောက် ကြည့်ကြရင်းနဲ့ မင်းဘာလဲ၊ ငါဘာလဲဆိုတာမျိုးနဲ့ ဖြစ်ကြတာ ပါ၊ အဲဒီမှာ တဖက်က ကလေးတယောက်က ပါလာတဲ့ ခေါက်ဓားနဲ့ထိုးလိုက်တော့ တဖက်က ၂ ယောက်မှာ ဒဏ်ရာ ရသွားတယ်၊ ဆေးရုံပို့ပေးခဲ့ရတယ်၊ ရန်ငြိုးရန်စ မရှိကြပါဘူး”ဟု ဒုရဲအုပ် အောင်ကျော်မျိုးက ဆက်လက်ပြောသည်။
အဆိုပါကျူးလွန်သူများထဲတွင် တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်နေသလို အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များဖြစ်ကြပြီး လက်ရှိတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားကာ ကျန်ရှိသူ ၂ ဦးကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အမှုကို အမှတ် ၁ နယ်မြေရဲစခန်းတွင် (ပ) ၃၀၇/ ၂၀၁၉၊ ပုဒ်မ ၃၂၆၊ ၃၂၃၊ ၁၁၄ တို့ဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။
“ကျနော်တို့ ငယ်ငယ်ကဆိုရင် လူငယ်အချင်းချင်း ရန်ဖြစ်တယ်ဆိုတာ အတော်ရှားတယ်၊ မြို့ကလည်း အခုလောက် မကျယ်သေးတော့ ဘယ်သူကတော့ ဘယ်မှာနေတယ်၊ ဘယ်သူ့သားပါလို့ ပြောလိုက်တာနဲ့ သိကြတာများတယ်ဆိုတော့ အချင်းချင်း ရန်ဖြစ်တာမျိူးမရှိဘူးပေါ့၊ အခုကတော့ တခုခုဆိုရင် ထိုးမယ်၊ ခုတ်မယ်ဖြစ်နေတာတွေက အရက်သေစာနဲ့ မူးယစ်ဆေး တွေကြောင့် စိတ်တွေက ကြွပြီး ဖြစ်ကုန်တယ်လို့ မြင်ပါတယ်”ဟု မဟာအောင်မြေမြို့နယ်မှ ဦးဌေးဝင်းက ပြောသည်။
“သူတို့ကို စုံစမ်းပြီးတော့ လိုက်လံဖမ်းဆီးရတာပေါ့၊ ဒီနေ့ မနက်အစောပိုင်းမှာ ၇ ယောက်မိခဲ့တယ်၊ လူငယ်တွေဆိုတော့ ကျောင်းသားတွေလည်း ပါတာပေါ့၊ ညပိုင်းဆိုရင် ကလေးတွေက ကျုံးဘေးကို ထွက်ကြတယ်၊ ကောင်မလေးတွေလည်း ပါ ကြတယ်၊ တယောက်နဲ့တယောက် စကြ နောက်ကြရင်းနဲ့ ဖြစ်ကြတယ်လို့ ယူဆပါတယ်၊ တဖွဲ့နဲ့တဖွဲ့ ချိန်းရိုက်ကြတာ မျိုးတော့ မရှိပါဘူး”ဟု ဒုရဲအုပ် အောင်ကျော်မျိုးက ဆက်လက်ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် ပတ်ကင်း၊ ရပ်ကင်းများ အသုံးပြုကာ လုံခြုံရေးကိစ္စများ ဆောင်ရွက်နေကြောင်း၊ ခိုးမှု၊ လုယက်မှုနှင့် ကျုံးဘေးတလေ ျှာက်တွင် အရက်သေစာသောက်စားမှုများ မရှိအောင် အထူးလုပ်ဆောင်နေကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်း၌ မှုခင်းကျဆင်းရေးစီမံချက်အဖြစ် ရဲတပ်ဖွဲ့မှ ညပိုင်းအချိန်များတွင် အသွင်ယူဖမ်းဆီးနေမှု များကိုလည်း လုပ်ဆောင်နေရာ မေလအတွင်းက ကြိုတင်ကာကွယ်မှုအနေဖြင့် လက်နက်မှု၊ မူးယစ်ရမ်းကားမှုများ အပါအဝင် အမှုပေါင်း ၃၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
You May Also Like These Stories:
မန္တလေးကျုံးဘေး လူငယ်နှစ်ဦး ဓားထိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းမိ
မန္တလေး၊ ရတနာပုံကျောင်းသား တဦး ဓားထိုးခံရ၍ သေဆုံး