ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင်ဝေဠုကျော်ရဲ့ ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ရုံးချိန်းမှာတော့ တရားရုံးတော်ကို တင်ပြခဲ့တဲ့အသံဖိုင်များကို ဖွင့်နားထောင်ခဲ့ပြီး အဆိုပါအသံဖိုင်များမှာလည်း ဝေဠုကျော်က ဝါသနာအရအတူနေထိုင်ခဲ့တဲ့ အသံများကို သွင်းထားခိုင်းထားခဲ့တာဖြစ်တယ်လို့ သင်းသင်းကပြောပါတယ်။
“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူပိုသိနိုင်မှာလဲ။ အဲဒါမေးချင်တာပါ”
“ ပြီးတော့ သူက ဒီ Sex ကိစ္စနဲ့ပတ်သက်ရင် အရမ်းဝါသနာပါတယ်။ တယောက်နဲ့တယောက်လွမ်းကြရင် ဒီခံစားချက်ကို လိုချင်တာ။ အဲဒါကြောင့် သွင်းခိုင်းတာပါ။ ကျမဆီမှာလည်းရှိပါတယ်။ ဒီအသံဖိုင်တွေက။ တယောက်နဲ့တယောက်နေရင်လည်း သူကဘာကြိုက်တတ်တာဆိုပြီး ပြောတယ်။ မိန်းကလေးတယောက်ကို ဘာလုပ်ချင်တာဆိုပြီးတော့ပေါ့။ သူကလိင်ပိုင်းဆိုင်ရာမှာ အရမ်းဝါသနာပါတာ” လို့သင်းသင်းက ပြောပါတယ်။
အဆိုပါအသံဖိုင်ကတော့ ဝေဠုကျော်နဲ့သင်းသင်းတို့ ၂ဦး ချစ်သူအဖြစ် နေထိုင်ခဲ့စဉ်ကာလအတွင်းက အသံသွင်းထားခဲ့တဲ့အသံဖိုင်များဖြစ်ပြီး တခြားသော စကားပြောဆိုထားတဲ့ Record များကတော့ ဖုန်းထဲမှာ Auto ပါတဲ့ Record များဖြစ်တယ်လို့ ဆိုပါတယ်။
အသံဖိုင်သွင်းခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ဝေဠုကျော်ကလည်း ရုံးချိန်းအပြီးမှာ အခုလိုပြောခဲ့ပါတယ်။
“အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး။ ကျနော် မသွင်းခိုင်းထားပါဘူး။ ကျနော်သွင်းချင်ရင် ကျနော့်မှာ ဖုန်းရှိတာပဲ။ ကျနော့်ဘာသာသွင်းမှာပေါ့” လို့ဝေဠုကျော်ကပြောပါတယ်။
သင်းသင်းဘက်မှလည်း အဆိုပါအသံဖိုင်များကို တရားရုံးတော်သို့ တင်သွင်းခဲ့ရတဲ့အကြောင်းအရင်းကို အခုလိုရှင်းပြခဲ့ပါတယ်။
“သူကမဟုတ်ဘူးဆိုတော့ ကိုယ့်ဘာသာပြန်စဉ်းစားပါလို့ ပြောချင်ပါတယ်။ သူ့ဆီမှာလည်းရှိတယ်။ ကျမဆီမှာလည်းရှိပါတယ်။ ပြီးတော့ သင်းသင်းက လေ စကားလေ ပြောမဟုတ်ဘူး။ လက်တွေ့ပြချင်တယ်။ ငါ့စကားနွားရပြောတာမဟုတ်ဘူး”
“အသံဖိုင်တင်ရတဲ့အကြောင်းရင်းလည်း ဘယ်လိုမျိုးလဲဆိုတော့ ကျမနဲ့ဝေဠုကျော်သည် ဘယ်လောက်ထိ ရင်းရင်းနှီးနှီးပတ်သက်ခဲ့ကြတယ်ဆိုတာကို ကမ္မည်းမော်ကွန်းတင်ချင်တာ။ အဲဒီအတွက် ဒီအသံဖိုင်ကို တင်လိုက်ရခြင်းဖြစ်ပါတယ်။ ရုံးတော်ကိုလည်း မကြားဝံ့မနာသာကြားစေတဲ့အတွက် တောင်းပန်ပါတယ်” လို့ သင်းသင်းကပြောပါတယ်။
ဒီကနေ့မှာ ချိန်းဆိုခဲ့တဲ့ ရုံးချိန်းမှာတော့ တင်သွင်းထားတဲ့အသံဖိုင်များကို စစ်ဆေးကာ ၂ဦး၂ဖက် လျှောက်လွှဲချက်များတင်ခဲ့ပြီး နောက်တပတ်ရုံးချိန်းဖြစ်တဲ့ ဇူလိုင်လ ၃ရက်နေ့မှာလည်း အဆိုပါအသံဖိုင်များကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
စွပ်စွဲခံရသူ ဝေဠုကျော်ခွင့်တိုင်ကြားထား၍ ယခုအပတ်အမှုမစစ်ဆေးနိုင်ခဲ့
အသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့ သွင်းထားခဲ့တာလို့ သင်းသင်းပြော
အမှုကိစ္စကြောင့် ဆွေမျိုးတချို့နဲ့ ပြတ်တောက်သွားတယ်လို့ အလှမယ်သင်းသင်းပြော