Crime

ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာအနီး၌ တပ်မတော်သားများ ဖမ်းဆီးသွားသည့် သူများထဲမှာ တဦးဖြစ်သည့် ကိုဇော်ဝင်းလှိုင်မှာ စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ကုသမှု ခံယူနေစဉ် ယမန်နေ့ ဇွန်လ ၁ရက်က သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ရွှေထွန်းဖြူ ကျေးရွာမှ အသက် ၂၈နှစ်ရှိ ကိုဇော်ဝင်းလှိုင် ဖြစ်ပြီး၊ ဇွန်လ ၂၁ ရက်က ပေါက်တောပြင် ကျေးရွာ အနီး ဝေသာလီ ဘုရားတွင် ပန်းရံလုပ်ပြီး ပြန်လာစဉ် တပ်မတော်စစ်ကြောင်းက AA အဖွဲ့မှ ဟု သံသယရှိ သဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အကိုဖြစ်သူ ဦးဦးဝင်းလှိုင်က ပြောသည်။

“ကျနော်ညီက ပေါက်တောပြင် ရွာမှာ သူ့မိန်းမလည်း ရှိတယ်။ သူ့ယောက္ခမတွေလည်း ရှိတယ် ဆို တော့ အဲဒီမှာ နေပြီး အလုပ်လုပ်နေတာပါ။ အလုပ်လုပ်က ပြန်လာတဲ့အချိန် စစ်တပ်ကနေပြီးတော့ လမ်းပြအဖြစ် ဖမ်းခေါ်သွား တာပါတယ်။ သူ့ မသေခင် ပြောသွားက ပုဆိုးချွတ်ခိုင်းတယ်။ ပြီးရင် ပုဆိုးမှာ ကျောက်ခဲတွေ ထည့်ပြီး တော့ ကျောကုန်းတွေကို ရိုက်တယ်လို့ ပြောပြပါတယ် ” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဇွန်လ ၂၁ ရက်နေ့က သေဆုံးသူ ကိုဇော်ဝင်းလှိုင် အပါအဝင် ဒေသခံ ၈ဦးကို တပ်မတော် စစ်ကြောင်းက ပေါက်တော ပြင်ရွာ အနီးတွင် တွေ့ရှိကာ ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့ကလည်း အဆိုပါ ၈ ဦးထဲမှ အသက် ၂၃နှစ် အရွယ် ကိုဇော်မျိုးထွန်း ဆိုသူမှာ သေဆုံးသွားခဲ့ကြောင်း၊ ယခု ကိုဇော်ဝင်းလှိုင်မှာ ဒုတိယမြောက် သေဆုံးသူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ကိုဇော်ဝင်းလှိုင်မှာ ဖမ်းဆီးခံရပြီးနောက် တပ်မတော်စစ်ကြောင်းက ၄ရက်ကြာ ထိန်းသိမ်းခဲ့ပြီး၊ ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် ကျောက်တော် ရဲတပ်ဖွဲ့သို့ လွှဲပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကိုဇော်ဝင်းလှိုင်၏ ကျန်းမာရေး အခြေအနေများကြောင့် ရဲတပ်ဖွဲ့မှ ကျောက်တော်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ရာ ဒဏ်ရာကြောင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးလာ၍ ကျောက်တော်ဆေးရုံမှနေ ဇွန်လ ၃၀ ရက်နေ့ တွင် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်သိန်းနုစိန်က “ကျမသားကို စစ်တပ်က ထမင်းမကျွေးဘဲ ကျောက်ခဲကို ပုဆိုးနဲ့ ထုပ်ပြီး ကျောကုန်းကို ရိုက်တယ်လို့ ပြောတယ်၊ ကျမက သူပြောတာကို မခံစားနိုင်လို့ ငိုမိတယ်။ အမေသား မနေရတော့ဘူး၊ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်လိုက်ပါ အမေ မငိုပါနဲ့ ဆိုပြီး ပြောသွားတယ်၊ တရားမျှတမှုကို လိုချင်ပါတယ်” ဟု ပြောသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့ အဲဒီသတင်း မကြားသေးဘူး၊ ကျနော်တို့ကတော့ အဲဒီလို ညှဉ်းပန်း နှိပ်စက်တာ မရှိပါဘူး၊ မေးသင့်မေးထိုက်တာကို မေးတာပဲရှိပါတယ် ၊ အဲလိုမျိုး လုပ်တာတော့ မရှိပါဘူး ၊ သူ့ဟာသူ ကျန်မာရေး မကောင်းလို့ ဖြစ်တာပဲ ဖြစ်နိုင်ပါလိမ့် မယ်၊ ဒါပေမယ့် အဲဒီ သေဆုံးမှု သတင်းကိုတော့ ကျနော်လည်း မကြားသေးပါဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် သေဆုံးသွားသူ ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မိသားစုဝင်များက စစ်တွေဆေးရုံမှ မြောက်ဦး မြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ ၂၁ရက်နေ့က တပ်မတော်နှင့် AAတို့ မြောက်ဦးမြို့နယ် ပေါက်တောပြင် အရှေ့ဖက် တောင်တန်းတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရှာဖွေမှုများ လုပ်ဆောင်စဉ် ရွာအနီး AA တပ်ဖွဲ့ဝင်များဟု ယူဆရသည့် မသင်္ကာသူ ရွာသား ၈ ဦးကို ဖမ်းဆီးရမိသည့်အတွက် ထိန်းသိမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆို ထားဖူးသည်။

ယင်းအပြင် ဇွန်လ ၂၂ ရက်နေ့တွင်လည်း တပ်မတော် စစ်ကြောင်း ဖြတ်သွားစဉ် ရန်ကုန်- စစ်တွေ ကားလမ်းမ တိမ်ညို ကျေးရွာအနီး မိုင်းပေါက်ကွဲမှု တခု ဖြစ်ပွားရာ မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းသူ ၂ ဦးကို တွေ့ရှိသဖြင့် ဝေသာလီကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်အတွင်းက လူ ၁၀ ဦးကို ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်းလည်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲအတွင်း တပ်မတော်က ဖမ်းဆီး စစ်ဆေးစဉ် သေဆုံးမှုများ ရှိရာ ရသေ့တောင်မြို့နယ် ကျောက်တန်းဖြစ်စဉ်တွင် အရပ်သား ၇ ဦး၊ မြောက်ဦးမြို့နယ် လက္ကာရွာ ဖြစ်စဉ်တွင် ၃ ဦး ၊ ပေါက်တောပြင် ဖြစ်စဉ်တွင် ၂ ဦး ၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ နေမကောင်းဖြစ်၍ မြောက်ဦး ဆေးရုံသို့ လာရောက်စဉ် တပ်မတော်၏ ဖမ်းဆီးခံရပြီး ဆေးရုံသို့ မရောက်ဘဲ သေဆုံးသွားသူ ၁ ဦး ၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာသား ၁ ဦး စုစုပေါင်း ၁၄ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

ဖမ်းဆီးခံ မြောက်ဦးဒေသခံ ၁ ဦးသေဆုံး

ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ

AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား

Did you find apk for android? You can find new Free Android Games and apps.
Loading