သရဲကားကြိုက်သူတွေ အကြိုက်တွေ့ကြတဲ့ Annabelle Film Series ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကား “Annabelle Comes Home” ရုပ်ရှင်ဟာဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံတင်ပြသခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က ရုပ်ရှင်ရုံ တရုံမှာတော့ “Annabelle Comes Home” ရုပ်ရှင်ကြည့်ရင်းနဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားဟာ ထိုင်းနိုင်ငံကို ခေတ္တခဏ လာရောက် လည်ပတ်တဲ့ ဗြိတိန်လူမျိုးတဦးဖြစ်ပြီး ရုပ်ရှင်ကို တယောက်တည်း လာရောက် ကြည့်ရှုခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ပြသအပြီးမှာ ရုပ်ရှင်ရုံထဲက လူတွေအားလုံး ထပြန်ကြပေမယ့် သူကတော့ မလှုပ်မယှက် ငြိမ်နေတာကြောင့် ရုပ်ရှင်ကြည့်သူတွေက သတိထားမိကြပြီး ရုပ်ရှင်ရုံ လုံခြုံရေးတွေကို အကူအညီ တောင်းခံခဲ့ရပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသားကို ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ အမျိုးသမီးက “ရုပ်ရှင်ပြီးသွားလို့ အားလုံးက ထပြန်ကြပေမယ့် သူကတော့ ခုံပေါ်မှာ မလှုပ်မယှက်ကြီး ငြိမ်နေတာကြောင့် ကျမနဲ့ အဖော်ပါလာတဲ့ သူငယ်ချင်းက သွားပြီး လှုပ်နိုးကြည့်လိုက်ပါတယ်။ အေးစက်နေတဲ့ သူ့ခန္ဒာကိုယ်ကြောင့် တော်တော်လန့်သွားပြီး ရုပ်ရှင်ရုံက လုံခြုံရေး ဝန်ထမ်းတွေကို အော်ဟစ်ပြီး အကူအညီတောင်းခဲ့တာပါ” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့အလောင်းကို ရင်ခွဲစစ်ဆေးဖို့ Bang Lamung ဆေးရုံကို သယ်သွားခဲ့တာဖြစ်ပြီး ဆေးစစ်ချက်တွေအရတော့ ဒီအမျိုးသားမှာ နှလုံးရောဂါ အခံရှိတယ်လို့ သိရပါတယ်။ ရုတ်တရက် နှလုံးရပ် သေဆုံံးသွားတာ ဖြစ်တယ်လို့ ဆေးစစ်ချက်တွေအရ သိရပြီး လတ်တလောမှာတော့ သေဆုံးသူရဲ့ မိသားစုနဲ့ အဆက်အသွယ် ရစေဖို့ နာမည်နဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ထားပေမယ့် တစုံတရာ ဆက်သွယ်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရင်း သေဆုံးသွားခဲ့တဲ့ အခု အဖြစ်အပျက်ဟာ ပထမဆုံးဖြစ်ရပ်တော့ မဟုတ်ပါ ဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ Andrah Pradesh မှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦးဟာ “Conjuring 2” ရုပ်ရှင်ကြည့်ရင်း နှလုံးရပ် သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့ဖူးပါတယ်။
Ref. popculture.com
You May Also Like These Stories:
“Toy Story 4” ရုပ်ရှင်ဝင်ငွေကို မကျော်တက်နိုင်ခဲ့တဲ့ “Annabelle Comes Home” ရုပ်ရှင်