လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်လာနေပြီး ဝန်ကြီးရုံးတွင် ဝန်ကြီး၊ ဒုဝန်ကြီးတို့ ဦးဆောင်ပြီး ပြုလုပ်ထားသည့် ဌာနတွင်း အစည်းအဝေး (EC) မှတ်တမ်းများကိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သိမ်းယူသွားခဲ့ကြောင်း သိရသည်။
ယင်းဝန်ကြီးဌာန၏ စီမံကိန်းများနှင့် ပတ်သက်၍ တိုင်ကြားခံရသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနသို့ မေးမြန်းရာ အချက်အလက် မရှိသဖြင့် ကော်မရှင်ကိုယ်တိုင် ဝန်ကြီးရုံးကို ဝင်ရောက်ရှာဖွေရခြင်း ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
အသိမ်းခံရသည့် EC မှတ်တမ်းများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ စတက်သည့် ၂၀၁၆ ခုနှစ်မှ စ၍ ယနေ့အချိန် အထိ ၃ နှစ်စာ မှတ်တမ်းများ ဖြစ်ကြောင်း၊ စစ်ဆေးရာတွင်လည်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ် ၂၇ တခုတည်းသို့ ဝင်ရောက် စစ်ဆေးခြင်း ဖြစ်ပြီး အခြားဌာနများကို စစ်ဆေးမှု မရှိကြောင်း ယင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
“ပြောရရင် ရုပ်ရှင်ထဲကအတိုင်းပဲ။ ဝူးဆိုပြီး ကားကြီး မောင်းဝင်လာတယ်။ ကော်မရှင်ကလူတွေ ဆင်းလာတယ်။ ဝန်ကြီးရုံးထဲက မှတ်တမ်းတွေ သိမ်းတယ်။ ၃ နှစ်စာ EC မှတ်တမ်းတွေ အကုန်သိမ်းသွားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။
EC မှတ်တမ်းဆိုသည်မှာ ဝန်ကြီးဌာနအတွင်း ဝန်ကြီး၊ ဒုဝန်ကြီး၊ သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ဌာနတွင်း ဆုံးဖြတ်ချက်များ ချမှတ်သည့် အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းများကို ဆိုလိုခြင်း ဖြစ်သည်။
ထို့ပြင် ဝန်ကြီးဌာနတွင် ဆုံးဖြတ်ချက်များကို အမြဲတန်း အတွင်းဝန်၊ ညွှန်ချုပ်၊ ညွှန်မှူးများက ၎င်းတို့၏ သဘောဖြင့် ဆုံးဖြတ်လေ့ မရှိဘဲ EC တင်၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ယခု အမှုသည် ကော်မရှင်က စုံစမ်းစစ်ဆေးဆဲ အမှုတခု ဖြစ်သဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း၊ သို့သော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်မှ လူများ ဝင်ရောက် စစ်ဆေးစဉ် တနေကုန်သဖြင့် ကော်မရှင်က ထမင်းချိုင့် လိုက်ပို့ပေးခဲ့ရကြောင်း ယင်းကော်မရှင်မှ အရာရှိတဦးက ပြောသည်။
ယင်းသို့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ အပြီးတွင် နောက်ဆက်တွဲ အဖြစ် ဝန်ကြီး ဦးဝင်းခိုင်နှင့် ဇနီး၊ ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဇနီးတို့၏ ငွေစာရင်းအမှတ်နှင့် အချက်အလက်များကို ဇူလိုင်လ ၉ ရက်နေ့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဗဟိုဘဏ်သို့ တောင်းခံခဲ့သည်။
ဗဟိုဘဏ်ကလည်း ဇူလိုင်လ ၁၀ ရက်နေ့တွင် အခြားဘဏ်များထံမှ အချက်အလက်များကို ၃ ရက်အတွင်း ပြန်လည် ပေးပို့ရန် တဆင့် တောင်းခံသည့်စာ လူမှုကွန်ရက်တွင် ပျံ့ နှံ့လာသည်အခါ အများပြည်သူ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်ကို သတင်းထောက်များက ယင်းကိစ္စ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း သတင်းထောက်များကို ထွက်မတွေ့ရဲပေ။
ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးမြင့်လွင်ကလည်း “အဲဒီတိုင်စာက ကျနော်တို့ဆီက သွားတာ။ သိပ်တောင် မကြာသေးဘူး။ တိုင်တဲ့အထဲမှာ တင်ဒါ ကိစ္စတွေ ပါတယ်။ ဝန်ကြီးရဲ့ သား တယောက်က အိုးထရစ်ဖို့စ်မှာ မန်ယူပွဲ သွားကြည့်တာတောင် ပါတယ်။ အသေးစိတ်တော့ ကျနော်လည်း မမှတ်မိဘူး။ အဲဒါနဲ့ တိုင်စာကို အပေါ်ကို အကုန် တင်ပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောပြသည်။
သို့သော် ၎င်းအနေဖြင့် အခြေအနေအရ အသေးစိတ် မရှင်းပြနိုင်ကြောင်း ဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် မီတာဘေလ် စာရွက်ထုတ်သည့် တင်ဒါကိစ္စများနှင့် ပက်သက်ပြီး ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ကေ်ာမတီသို့ တိုင်ကြားခံထားရကြောင်းလည်း သိရသည်။
ယင်းကော်မတီဝင် ဦးနေမျိုးထက်က “လက်ရှိ မီတာဘေလ်ထုတ်တဲ့ တင်ဒါကိစ္စတွေကို အခု တိုင်ထားတယ်။ ကျနော်တို့ဆီ တိုင်တာ ကျတော့ အိမ်မီတာဘေလ် စာရွက်ထုတ်တဲ့ဟာကို တိုင်တာ။ ပြီးခဲ့တဲ့ ၁ လ၊ ၂ လလောက်တုန်းက ပုသိမ်မှာ ဖြစ်သွားတဲ့ အချိန်မီ မဖြန့်ဝေနိုင်တာတို့၊ စာရင်းတွေ မှားတာတို့ ပေါင်းတာတို့ အဲဒါနဲ့ ပတ်သက်တာတွေပါ”ဟု ပြောသည်။
၎င်းက ဆက်၍ “ပြောရရင် ဌာနကြီးက အကုန်လုံးက ပျက်စီးနေတာလေ။ Corruption ဆိုတဲ့ ကိစ္စကြီးက ဒီဌာနမှာ အရင်ကတည်းက အရမ်း နာမည်ကြီးခဲ့တာ။ ဌာနမှာ လူတွေ အများကြီး ရှိတဲ့အထဲမှာ အစိုးရက ခန့်တာ ဝန်ကြီး၊ ဒုဝန်ကြီး ၂ ယောက်ပဲ ရှိတာ။ ဒီ ၂ ဦးထဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နေရတာလေ။ အဲဒါကြောင့် အခက်အခဲက အတိုင်းအတာတခုအထိ ရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် ကျန်းမာရေး မကောင်းသဖြင့် နိုင်ငံတော် သမ္မတရုံးထံသို့ ဆေးခွင့် တောင်းခံပြီး အနားယူနေရသည်။
ဦးဝင်းခိုင်သည် ယခု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး မဖြစ်မီ ဆောက်လုပ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “လမ်းတလမ်း ၅ နှစ်မှ မခံရင် အဲဒီအင်ဂျင်နီယာ ထောင်ထဲ ပို့ပစ်လိုက်မယ်” ဆိုသည့် ပြောဆိုချက်ကြောင့် လူမှုကွန်ရက်တွင် ထောက်ခံသူ များစွာဖြင့် ရေပန်းစားခဲ့ဖူးသည်။
သို့သော် ၎င်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဖြစ်လာသည့်အခါ အမေရိကန် ဒေါ်လာ ၅ ဘီ လျံကျော် တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း လုပ်ငန်းကြီး ၄ ခုကို တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆောင်ရွက်သည့်အခါ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)က လွှတ်တော်ထဲတွင် ၂၀၁၈ ခုနှစ်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
ယခုအခါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဆက်လက် တာဝန်ယူထားပြီး နိုင်ငံတော် အတိုင်ပင် ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စု ဝန်ကြီး ရာထူးကို ပူးတွဲ တာဝန်ယူထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အကျင့်ပျက်ခြစားမှု သံသယဖြင့် တရားသူကြီး၊ အုပ်ချုပ်ရေးမှူးများ အပါအဝင် ဝရမ်းထုတ်ခံရသူ ၂၀ ခန့်ရှိ
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော
အဂတိကော်မရှင်က ဝင်ရောက်စစ်ဆေးဖို့ လိုပြီလို့ ထင်တယ်