အချိန် တနှစ်နဲ့ ၄ လကျော်ကြာ ရင်ဆိုင်ခဲ့တဲ့ အဆိုတော် အစ္စဏီရဲ့အမှုကတော့ ဒီနေ့၊ သြဂုတ်လ ၅ ရက်နေ့မှာ တရားလိုဖြစ်သူဘက်မှ ရုတ်သိမ်းခွင့်အတွက် ကျေအေးပေးခဲ့ပြီး စွပ်စွဲခံရသူနဲ့ တရားလို အပြန်အလှန် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အခုလို ရုတ်သိမ်းခဲ့တဲ့အပေါ် အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက အခုလိုပဲ ပြောပါတယ်။
“လက်မှတ်ထိုးပြီးပေမယ့် ဥပဒေမှာက ရုတ်သိမ်းခွင့် ပြုမယ့် ဥပဒေဆိုတာ ရှိတယ်။ ရုတ်သိမ်းခွင့်နဲ့ ညီညွတ်ရင်တော့ ရုံးတော်က ရုတ်သိမ်းခွင့် ပြုလိမ့်မယ်။ အဲ့ကျရင်တော့ အမှုပြီးဆုံးတဲ့ အဆင့်ကို ရောက်ရှိသွားပါလိမ့်မယ်။ လွတ်မယ်ဆိုတာကိုတော့ မပြောတတ်သေးဘူး။ ရုတ်သိမ်းခွင့် ပြုလို့ အမှုပြီးပြတ်ရင်တော့ လွတ်သွားမှာပေါ့”လို့ ရှေ့နေ ဦးကျော်ဇင်ဦးကပြောပါတယ်။
ဥပဒေအရ ရုတ်သိမ်းတာ ကဏ္ဍတခုဖြစ်ပြီး အမှုလည်း ဆက်လက် ဆောင်ရွက်ရမှာဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံးအရ သွားရတာဖြစ်ကာ အဆင့်ဆင့် ဖြတ်ကျော်သွားရဦးမှာလို့ သိရပါတယ်။
“ရုတ်သိမ်းတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဥပဒေခရိုင်၊ တိုင်းအဆင့်ဆင့်ကို တင်ပြဖို့တွေ ရှိပါတယ်။ အဲဒါတွေ ဆောင်ရွက်ရဦးမှာပါ။ ဥပဒေအရ ရုတ်သိမ်းခြင်းသည် တစ်ကဏ္ဍ၊ အမှုဆက်လက် ဆောင်ရွက်ခြင်းသည် တစ်ကဏ္ဍပါ။ ကဏ္ဍချင်း မတူကြပါဘူး။ ရာဇဝတ်ကျင့်ထုံးအရ သွားရတာပါ။ နောက်ရုံးချိန်းက ၅ ရက်နေ့ပါ”လို့ ဦးကျော်ဇင်ဦး ကပြောပါတယ်။
တရားလိုဖြစ်သူ စူးရှထက်အနေနဲ့လည်း အမှုရုတ်သိမ်းပေးခဲ့တာကတော့ ရန်ကို ရန်ချင်း မတုန့်ပြန်ချင်တဲ့အတွက် သဘောထားကြီးပြီး ခွင့်လွှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“စူးရှက အစကတည်းက ရန်ကိုရန်ချင်း မတုန့်ပြန်တတ်ဘူးလေ။ အခုလို ဖြစ်သွားတော့လည်း ဘာပဲဖြစ်ဖြစ် လူတယောက်ကို လွှတ်ပေးလိုက်တာလေ။ ကိုယ်ကလည်း ချုပ်နှောင်ထားတာ မဟုတ်ပါဘူး။ အမှားကို အမှားမှန်း သိတဲ့အတွက် ခွင့်လွှတ်ပေးရမှာပဲ”
“သဘောထားကြီးပါတယ်။ ခွင့်လွှတ်ပေးဖို့ အသင့်ပါပဲ။ လျော်ကြေး တပြားမှ မပါတာကို သိစေချင်တာပါ။ တချို့ထင်မယ်။ လျော်ကြေးများ ရသွားလို့လား ဆိုပြီးတော့ပေါ့။ စူးရှ မယူပါဘူးရှင့်”လို့ စူးရှထက်ကပြောပါတယ်။
တာမွေတရားရုံးမှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ရုံးချိန်းမှာတော့ နှစ်ဦးနှစ်ဖက် တွေ့ဆုံကာ အစ္စဏီနဲ့ မိခင်ဖြစ်သူတို့က သက်ဆိုင်ရာ လူကြီးများရှေ့မှာ ဝန်ခံလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
အခုလို ရုတ်သိမ်းခွင့် ပေးလိုက်တဲ့အတွက် မိခင်ဖြစ်သူကတော့ “ဘာကိစ္စမှ မပါဘူး။ အကုန်လုံးက မေတ္တာတရားနဲ့ ပဲလုပ်ကြတာပါ။ နှစ်ယောက်က လက်တွဲလို့မှ မရတော့တာ။ ဒီလိုမျိုး ဒီအချိန်မှာ လက်မှတ်ထိုးပေးလိုက်တဲ့အတွက် ရုတ်သိမ်းပေးတဲ့အတွက် ကိုယ်တွေကလည်း မေတ္တာ မပျက်ခဲ့ဘူး။ တနှစ်နဲ့ ၄ လမှာ လုံးဝ မမုန်းခဲ့ဘူး။ အခုတွေ့တာလည်း ဟိုတုန်းက တွေ့တဲ့အတိုင်းပဲ”လို့ ပြောပါတယ်။
စူးရှထက်က အမှုရုတ်သိမ်း ပေးလိုက်တဲ့အတွက် အဆိုတော် အစ္စဏီက စူးရှထက်အား “Thank you” လို့ ပြောခဲ့တယ်လို့ စူးရှထက်က ပြောပါတယ်။
“သူတို့ တရားဝင်တောင်းပန်တာ မီဒီယာတွေလည်း မြင်နေတာပဲ။ စူးရှလည်း ကျေအေးပေးလိုက်ပြီဆိုတော့ ဘာမှ ပြဿနာ မရှိတော့ပါဘူး။ ကိုအစ္စဏီကလည်း အထဲကနေ Thank you လို့ လှမ်းပြောပါတယ်။ ရပါတယ်။ အစောကြီးကတည်းက တောင်းပန်လေ”လို့ ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဧပြီလက စတင်ခဲ့တဲ့ အဆိုပါအမှုကတော့ လက်ရှိ အချိန်မှာ တရားလိုပြ သက်သေများ အားလုံးစစ်ဆေး ပြီးစီးသွားပြီပဲ ဖြစ်ပါတယ်။
အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်က တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် ၂၀၁၈ခုနှစ် ဧပြီလက စတင် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင်
“အစ္စဏီရဲ့ အမှု အဆင်ပြေဖို့ ယုံကြည်တယ်”လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော
“အမှန်တရားကို ရင်ဆိုင်သွားမှာဖြစ်လို့ ဆုတောင်းပေးကြပါ”လို့ အစ္စဏီပြော