တရုတ်နိုင်ငံရဲ့ ကျောင်းဖွင့်ရက်ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ ကလေးငယ် ၈ ဦး အသတ်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်ခံရမှုဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်၊ Enshi မြို့က “Chaoyangpo” မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အပြောအရ အသက် ၄၀ အရွယ်ရှိတဲ့ Yu အမည်ရှိသူဟာ ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ ကျောင်းသားတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် မူလတန်းအရွယ် ကလေးငယ် ၈ ဦးသေဆုံးခဲ့ပြီး ၂ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး အချက်အလက် သေချာ မထုတ်ပြန်သေးသလို အသက်အရွယ်နဲ့ပတ်သက်ပြီးတော့လည်း သတင်းထုတ်ပြန်ထားတာမျိုး မရှိပါဘူး။ တရုတ်နိုင်ငံမှာတော့ မူလတန်းအရွယ်ကလေးငယ်တွေက အသက် ၆ နှစ်နဲ့ ၁၃ နှစ်အတွင်းမှာ ရှိပါတယ်။
Enshi မြို့ ရဲတပ်ဖွဲ့က အခုလို မူလတန်းကျောင်းသားတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရုတ် ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Weibo မှာ တင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းပြချက် တစုံတရာ မရှိဘဲ ဖြုတ်ချခဲ့ပါတယ်။ မဖြုတ်ချခင်အထိမှာတော့ အဲဒီသတင်းကို ကြည့်ရှုသူပေါင်း သန်း ၁၂၀ အထိ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ တိုက်ခိုက်ခံနေရတာ အခုမှ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ Sichuan မူကြိုကျောင်းတကျောင်းကို မီးဖိုချောင်သုံးဓား ကိုင်ထားတဲ့ အမျိုးသမီးတဦး ဝင်ရောက် တိုက်ခိုက်မှုကြောင့် မူလတန်းအရွယ် ကလေး ၁၄ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဧပြီလမှာလည်း အမျိုးသားတယောက်က အလယ်တန်းကျောင်းသား ၉ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ ကျောင်းစဖွင့်ရက်မှာ မူလတန်း ကလေးငယ်တွေကို သတ်ခဲ့တဲ့ Yu ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
Ref. Edition.cnn, Bangkokpost