တပ်မတော်မှ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး စက်တင်ဘာ ၆ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော်က အတည်ပြုသည်။
ထောင်မှူးကြီး ဦးဇော်ဇော်က “ဟုတ်ပါတယ်။ မနက်ဖြန် သူပြန်လွတ်လာတော့မှာပါ။ ကျနော်တို့ ပြီးခဲ့တဲ့ လထဲက သူ့လွတ်ရက်တွေကို စိစစ်နေခဲ့တာပါ” ဟု ဆိုသည်။
ထို့အပြင် ကိုအောင်ကိုထွေး၏ မိသားစုကလည်း လွတ်မြောက်မည့်အကြောင်းကို ထောင်အာဏာပိုင်များဘက်မှ အတည်ပြုချက် ရထားပြီးဖြစ်သည်ဟု ပြောသည်။
ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ ၈ တန်းကျောင်းသားဘဝ အသက် ၁၄ နှစ်အရွယ်က ရန်ကုန်ဘူတာကြီးတွင် ကလေး စစ်သားအဖြစ် စတင်စုဆောင်းခံခဲ့ရပြီး မုံရွာမြို့ စစ်သင်တန်းကျောင်းဆင်းခဲ့ပြီး ရှမ်းပြည်နယ် လောက်ကိုင်မြို့ရှိ တပ်စခန်းတခုတွင် တာဝန်ထမ်းဆောင်ခဲ့ ကြောင်းသိရသည်။
တာဝန်ထမ်းဆောင်နေရင်း အထက်တန်းကျောင်းတွင် ပညာဆက်လက် သင်ယူခွင့်ရသည်ဟု ဆိုသော်လည်း အမှန် တကယ်တွင် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်အားပေး သွားရောက် လုပ်ကိုင်နေရခဲ့ခြင်းဖြစ်သည်ဟု အမဖြစ်သူ မနေဇာ က ပြောခဲ့ဖူးသည်။
စိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်ကိုင်နေရင်း ကိုအောင်ကိုထွေးနှင့်အတူ တခြား တပ်မတော်သား ၂ ဦးတို့ ထွက်ပြေးစဉ် ဆိုင်ကယ် လုယက်မှုဖြစ်ပွားကာ ဆိုင်ကယ်ပိုင်ရှင် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် သေဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
ထောင်ဒဏ်အပြစ်ပေးခံရမှ မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိပြီး မိသားစုများက ကလေးစစ်သားအဖြစ် စုဆောင်းခံရကြောင်းကို ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြရာ သေဒဏ်မှ ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းပေးခဲ့သည်။
၂ဝ၁ဝ ခုနှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်အထိ လျော့ချပေးခြင်းခံရပြီး ၎င်းအသက် ၂၆ နှစ်အရွယ် ၂၀၁၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။
လွတ်မြောက်လာပြီးမကြာခင်၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနသို့ ၎င်း ကလေးစစ်သားဘဝမှ တပ်မတော်အတွင်းတွေ့ကြုံခဲ့ရမှု၊ လူသတ်မှုဖြင့် တရားစွဲခံရမှုများအကြောင်းကို ရုပ်သံအင်တာဗျူးဖြင့် ဖြေကြားခဲ့ပြီးနောက် တပ်မတော်မှ နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထပ်မံ တရားစွဲခြင်း ခံခဲ့ရသည်။
ထု့ိနောက် နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်သလို၊ တရားရုံး၏ စစ်ဆေးမှုကို သပိတ်မှောက်ခဲ့သည့်အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လပါ ထပ်မံချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ကိုအောင်ကိုထွေး၏ လွတ်မြောက်ရေးအတွက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးရှေ့တွင် ၂ဝဝ၇ စက်တင်လာလက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြေထောက်ဖြင့် နင်းသည်ဟုဆိုကာ နိုင်ငံတော် အထိမ်းအမှတ် ဥပဒေ ပုဒ်မ ၇ ဖြင့် ထပ်မံ တရားစွဲခံရသော်လည်း အဆိုပါအမှုတွင် ကိုအောင်ကိုထွေးသည် တရားသေ လွတ်မြောက်ခဲ့သည်။
သို့ရာတွင် အဆိုပါ ရုန်းရင်းဆန်ခတ်မှုဖြင့် ကိုအောင်ကိုထွေး၏ အမဖြစ်သူ မနေဇာထွန်းကတော့ နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ရုန်းရင်းဆန်ခတ် ဖြစ်စေရန် ကြံရွယ်သော သဘောဖြင့် ရန်စခြင်းဖြစ်သည့် ပုဒ်မ ၁၅၃ တို့ဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ထောင်အချုပ်ဖြင့် အမှု ရင်ဆိုင်နေရဆဲဖြစ်သည်။
You may also like these stories:
ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်
ထောင်ဒဏ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ထပ်တရားစွဲရန် ကြိုးပမ်း