ကချင်ပြည်နယ်တွင် အရပ်ဘက် အဖွဲ့အစည်းများ၊ စစ်ဘေးရှောင် ပြည်သူများ စုပေါင်းကာ စစ်ဘေး ရှောင်များ အရေး ၃ ရက်တာ ဆန္ဒထုတ်ဖော်ရာ၌ အာဏာပိုင်များသို့ တင်ပြခဲ့သည့် စာသားများထက် အပိုစာသားများ ပါဝင်မှု ကြောင့် ဦးဆောင်သူ ၂ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် ဒဏ်ငွေ ၄ သောင်း ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ကြိုတင် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း တင်ပြချက်တွင် ပါဝင်သည်ထက် ပိုမိုသော စာသားများ အသုံးပြုခဲ့မှုကြောင့်ဟု ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါ်မလန် ခါးမိုင်နှင့် အင်ခွမ်လနူး တို့ကို ယနေ့ စက်တင်ဘာ ၁၀ ရက် နေ့တွင် မြစ်ကြီးနားတရားရုံးက ဒဏ်ငွေ သို့မဟုတ် အလုပ်နှင့် ထောင် ၇ ရက်ဆိုပြီး ပြစ်ဒဏ် ချမှတ် ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့သည် စက်တင်ဘာ ၅၊ ၆ နှင့် ၉ ရက်နေ့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ ပထမဆုံးနေ့တွင် အာဏာပိုင်များထံသို့ တင်ပြရာတွင် မပါခဲ့သည့် စာသားများ ကိုင်ဆောင်ခြင်း၊ နောက်ဆုံးနေ့တွင် ရန်ကုန်မှ အသံအဖွဲ့မှ လာရောက် ဝန်းရံစဉ် “လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်သော စစ်တပ်၏ အမှုဖွင့် အရေးယူမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြ” ဆိုသည့် အပြာရောင်အင်္ကျီ ဝတ်ဆင်သည့် လှုပ်ရှားမှုလည်း ပါဝင်သောကြောင့် ဆိုပြီး အမှု ၂ မှုဖြင့် တရားစွဲခဲ့သဖြင့် အမှု ၁ မှုလျှင် ကျပ် ၁ သောင်းစီ ဒဏ်ငွေ ဆောင်ခဲ့ရသည်ဟု တရားစွဲခံရသည့် အင်ခွမ်လနူးက ပြောသည်။
အင်ခွမ်လနူးက “တီရှပ်ဝတ်ပြီး လာဝန်းရံတယ်။ ကိုယ့်အင်္ကျီ ကိုယ်ဝတ်တာပဲ။ ရန်ကုန်မှာလည်း သူတို့ တွေ ဒီလို လုပ်လာတာပဲ။ အဲဒီကိစ္စဟာ ငြိမ်းစုစီ တင်စရာ မလိုဘူးလို့ ကျနော် နားလည် ထားတယ်။ သူတို့ ဝတ်တာကို ကျနော်တို့ဆီ အပြစ် လုပ်တယ်လို့ ဖြစ်လာတယ်။ ကျနော်မေးချင်တာက ရန်ကုန်၊ မန္တလေးမှာက ဥပဒေ တမျိုးလား၊ ကျနော်တို့ ကချင် ပြည်နယ် မှာ ဥပဒေ တမျိုးလား။ ရန်ကုန်မှာ လုပ်တုန်းက ဘာလို့ အရေးမယူတာလဲ။ ဒါဟာ ကျနော်တို့ကို သက်သက် ခြောက်လှန့် တဲ့ လက္ခဏာ တွေ့လာရတယ်” ဟု ရှင်းပြသည်။
ထို့အပြင် မိမိတို့သည် အလုပ်နှင့် ထောင်ဒဏ် ၇ ရက်ကို မရွေးပဲ ဒဏ်ငွေ ပေးဆောင်ခဲ့ရခြင်းသည် ထောင်ထဲဝင်မှ လူစွမ်း ကောင်း ဖြစ်သည်ဟု အပြောအဆို မခံချင်ကြောင်း၊ ထောင်ထဲတွင် အချိန် မကုန်ပဲ မိမိတို့ ဆက်လုပ်စရာများ ရှိနေသည့် အတွက် ဆက်လက် လုပ်ဆောင်ရန်ဖြစ်ကြောင်း သူက ဆက်လက် ပြောပြသည်။
ယမန်နေ့က ပြုလုပ်သည့် ဆန္ဒပြပွဲ နောက်ဆုံးရက်တွင် “Judicial System Has Fallen”၊ “Zero Freedom of expression”၊ “စစ်ရှောင်များက ပြသနာလား၊ စစ်ခေါင်းဆောင်က ပြသနာလား” စသည့် စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
အသံအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ကိုဆောင်းခကလည်း အဖွဲ့အနေဖြင့် ဆန္ဒပြ နောက်ဆုံးရက်တွင် ရန်ကုန်မှ မြစ်ကြီးနား အထိ သွားရောက် ဝန်းရံခြင်းသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အရေး အတွက် ဖြစ်ကြောင်း၊ အပြာရောင် အင်္ကျီဝတ်ဆင်ထားသော်လည်း ကြွေးကြော်ခြင်း၊ ထိုစာသား ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း မရှိခဲ့သော်လည်း ယခုကဲ့သို့ တရားစွဲခြင်းကို နားမလည်ကြောင်း သုံးသပ်သည်။
ရန်ကုန်တွင် မိမိတို့အဖွဲ့သည် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရုံးထုတ်များ သာမက တရားရုံးများတွင် ထိုလှုပ်ရှားမှုကို လုပ်ခဲ့သည်မှာ ၅ ကြိမ် ရှိနေပြီ ဖြစ်သော်လည်း တရားစွဲခြင်း မရှိခဲ့ကြောင်း၊ ကချင်ပြည်နယ်ရောက်မှ မိမိတို့ ဝတ်ဆင်သည့် အကျီ င်္များကြောင့် တရားစွဲခြင်းသည် ဥပဒေက ပြည်နယ်များကို ခွဲခြားဆက်ဆံခြင်းလားဟု မေးခွန်းထုတ်ရတော့မည်ဟု ဆက်ပြောသည်။
ကိုဆောင်းခက “ငြိမ်းစုစီ ဥပဒေဆိုတာ ဆန္ဒပြတဲ့သူတွေကို အဆင်ပြေချောမွေ့အောင်၊ ဆန္ဒပြတဲ့သူတွေ အနှောင့်အယှက် မဖြစ်စေအောင် လုပ်ထားပေးတဲ့ ဥပဒေပဲ ဖြစ်ရမယ်။ အဲဒီလို မဟုတ်ပဲ ဆန္ဒပြသူတွေ ကို လိုရင်လိုသလို၊ မလိုရင် မလိုသလို တရားစွဲနိုင်တဲ့ ဥပဒေ မဖြစ်စေရဘူး။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေတဲ့၊ စောင့်ကြည့် တရားစွဲတဲ့ ဥပဒေ မဖြစ်စေရဘူး။ တင်ပြတဲ့ဆီ မှာ လူ ၂၀၀ လို့ တင်ပြတယ် ဆိုပါစို့။ လူထုက စိတ်ဝင်စားရင် ပူးပေါင်းမှာပဲ။ အဲဒါကို တင်ပြတာ ထက် ပိုလို့ မပါရဘူးလို့ ကန့်သတ်လို့မှ မရတာ။ ဒီလိုလုပ်တာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကြီး အကျယ် ကန့်သတ်ရာရောက်တယ်” ဟု ဆိုသည်။
ထို့အပြင် တင်ပြခဲ့သည်တွင် မပါဝင်သည့် စာသားဆိုင်းဘုတ်များ၊ အပြာရောင်အင်္ကျီပါ စာသားများ သည် အမှန်တကယ် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ အပေါ် ထင်ဟပ်သည့် စာသားများသာ ဖြစ်ပြီး တဖက်သားအပေါ် အမုန်းစကားများ မဟုတ်ကြောင်း၊ ဒီမိုကရေစီ ဖယ်ဒရယ် အသွင်ကူး ပြောင်းရေး ကာလတွင် ယခုလို တရားစွဲပြီး ပြည်သူကို အကျပ်မကိုင် သင့်ပါကြောင်း ကချင်လူငယ် များ ကွန်ရက်မှ ဆွတ်ဆိုင်းထွယ်က ပြောသည်။
ဆွတ်ဆိုင်းထွယ်က “ကျမလည်း အဲဒီအင်္ကျီဝတ်ဆင်ခဲ့ပါတယ်။ အင်္ကျီဆိုတာ အပြာရောင် တီရှပ် လှုပ်ရှားမှု မှမဟုတ် ပါဘူး။ အဲဒီနေ့က အပြာရောင် တီရှပ်တွေ အများကြီး ဝတ်ကြတာပဲ။ လုပ်ငန်း ကြော်ငြာ အပြာရောင်တီရှပ်တွေ၊ ကျမတို့ အသင်းတော်ရဲ့ အပြာရောင်တီရှပ်တွေ အများကြီး ဝတ်ကြပါတယ်။ ဖယ်ဒရယ်စနစ်ကို သွားနေတယ်ဆိုရင် ဒီလိုမလုပ် သင့်ပါဘူး” ဟု ဆိုသည်။
You may also like these stories:
စစ်ဘေးရှောင်အရေး မြစ်ကြီးနားတွင် ဆန္ဒပြ တောင်းဆို
ကချင်နှစ်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌကို တရားစွဲဆိုမှု တပ်မတော် ပြန်ရုတ်သိမ်း
လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်၍ တပ်မတော်က တရားစွဲဆိုမှု ၃၀ အထိ ရှိလာဟုဆို