ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း အချုပ် တရားခံများကို တရားရုံးထုတ်ပြီး ပြန်လာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ယာဉ်တန်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က မိုင်းခွဲ တိုက်ခိုက်ခံရသည့်အတွက် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က ဘူးသီးတောင်- မောင်တောကားလမ်း အတိုင်း ဘူးသီးတောင် အကျဉ်းစခန်းသို့ ထွက်ခွာလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦး၊ အချုပ်တရားခံ ၃၀ ဦးပါ ယာဉ်နှင့် အချုပ်တရားခံ ၁၀ ဦး လိုက်ပါ လာသည့် ယာဉ်တန်းကို AA အဖွဲ့ဝင် ၁၀ ဦးခန့်က မိုင်တိုင် အမှတ် ၅/၂ အနီးတွင် အဝေးထိန်းမိုင်း ၂ လုံး ဖောက်ခွဲ ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၄၅ မိနစ်တွင် AA အဖွဲ့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ကျနော် သိရသလောက်ကတော့ ဘူးသီးတောင် အကျဉ်းထောင်ကနေ အချုပ်တရားခံတွေကို ထုတ်ယူပြီးတော့ မောင်တော ခရိုင်တရားရုံးမှာ ရုံးသွားထုတ်တာ။ ညနေ ၄ နာရီလောက်မှာ ရုံးထုတ်ပြီးတော့ ပြန်လာတယ်။ အဲဒီမှာ ရှေ့က ပါလာတဲ့ လုံခြုံရေး ကားကို လုပ်သွားတာလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မိုင်းခွဲ တိုက်ခိုက်ခဲ့ရသည့် အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဖြစ်သည့် ရဲတပ်သား ထွန်းအောင်ကျော်နှင့် ရဲတပ်ကြပ် ဟိန်းဇော်တို့မှာ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က သေဆုံး သွားခဲ့ပြီး တပ်ဖွဲ့ဝင် ၅ ဦး၊ အချုပ်သား တရားခံ အမျိုးသမီး ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသူများမှာ လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့ရှိ တပ်မတော်ဆေးရုံတွင် ကုသမှု ခံယူ နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “မနေ့က အချုပ်သားတွေကို မောင်တော တရားရုံးမှာ ရုံးထုတ်ပြီး ဘူးသီးတောင်သို့ အပြန် ရှေ့က လုံခြုံရေး ပါလာတဲ့ နယ်ခြားစောင့် ရဲကား မိုင်းခွဲ တိုက်ခိုက်ခံရတယ်လို့ ကြားတယ်။ အချုပ်သားကတော့ ထိခိုက်တာ။ ဒဏ်ရာရတယ် ဆိုတာတော့ ကျနော်တို့ မကြားဘူး။”ဟု ပြောသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကလည်း ဖြစ်စဉ် ဖြစ်ပွားမှု မှန်ကန်ကြောင်း အတည်ပြုသော်လည်း နေရာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင် ဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်ကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ မောင်တော နယ်စပ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကွပ်ကဲရေးမှူးချုပ် ၊ ရဲမှူးချုပ် မြင့်တိုးအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖြစ်စဉ် အပေါ် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိပါ။
You may also like these stories:
ကျောက်တော်ပစ်ခတ်မှု ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
ပုဏ္ဏားကျွန်းတွင် တပ်မတော်က AAကို ရဟတ်ယာဉ်သုံး တိုက်ခိုက်
ဘူးသီးတောင် ဆင်သည်ပြင်ရွာသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးဟုဆို