“အရက်တုဘုရင်”လို့ လူသိများတဲ့ မလေးရှားနိုင်ငံသား တဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရှော့ပင်းစင်တာ တခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ David လို့ အမည်ရတဲ့ အသက် ၆၃ နှစ်အရွယ် အဲဒီ အမျိုးသားဟာ နှစ်ပေါင်း ၃၀ ခန့် အရက်တုတွေကို ရောင်းချနေသူဖြစ်တယ်လို့ ရဲဌာနက ထုတ်ပြန်ထားပါတယ်။
နာမည်ရင်း Chan Fat Yat လို့ အမည်ရတဲ့ အဲဒီ အမျိုးသားဟာ အရက်တု ထုတ်လုပ်ခြင်း၊ ပြည်ပနေထိုင်ခွင့် သက်တမ်းမတိုးခြင်း စတဲ့ အမှုတွေနဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းမိချိန်မှာ Johnnie Walker အတု ၂၆ ပုလင်း၊ Johnnie Walker စာတန်းပါ ပုလင်းလွတ် ၁၀၀၊ နိုင်ငံခြား ဝီစကီ ၁၃၂ ပုလင်း၊ အခွန်လွတ်တံဆိပ်ပြား ၂၅၂ ခု၊ Chivas Regal whisky အတုများ၊ ဝိုင်ပုလင်းများနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
သူဟာ အရက်ပုလင်းတွေကို ဝယ်နေကျ ဖောက်သည်ဆီ သွားရောက် ပို့ဆောင်ချိန်မှာ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဖမ်းမိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရပြီး အရက်တုများကို နှစ်ပေါင်းများစွာ ပြုလုပ်ရောင်းချခဲ့တဲ့ Chan Fat Yat ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ဒေသခံ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Ref. Bangkok Post