ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ လူသတ်မှုတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပျက်နေကြပါတယ်။ လူသတ်မှု ကျူးလွန်သူ အများစုကိုကြည့်ရင်လည်း အများစုဟာ လူငယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။
လူငယ်တွေဟာ မူးယစ်ဆေးဝါးကြောင့် လူသတ်မှု ကျူးလွန်လေ့ ရှိသလို သဝန်တိုမှု ၊ စိတ်ကစဉ့်ကလျားဖြစ်မှု စတဲ့အကြောင်းတွေနဲ့ လူတယောက်ကို သတ်ပစ်ဖို့လည်း ဝန်မလေးကြတော့ပါဘူး။ တချို့ လူငယ်တွေဆိုရင် မိသားတစုလုံးကိုတောင် သွေးအေးအေးနဲ့ သတ်ပစ်ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကလည်း သဝန်တိုမှုမှာ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ လူသတ်မှုပါ။ လူသတ်မှုကျူးလွန်သူဟာ အသက် ၂၇ နှစ်သာ ရှိပါသေးတယ်။ သူ့ကောင်မလေးကို တခြား ကောင်လေးတယောက်နဲ့ ဖောက်ပြန်တယ်လို့ စွပ်စွဲပြီး ကောင်မလေးကိုသာမက ကောင်မလေးရဲ့ မိဘတွေကိုပါ သတ်ပစ်ခဲ့ပါတယ်။ ကောင်မလေးမှာ မိဘ ၂ ပါးသာ ရှိပြီး တခြားမွေးချင်းတွေ မရှိတဲ့အတွက် မိသားစု တစုလုံးကို သတ်ပစ်ခဲ့တဲ့လုပ်ရပ်လို့ ဆိုရမှာပါ။
ချင်းရိုင် ရဲစခန်းရဲ့ပြောဆိုချက်အရ လူသတ်မှုဟာ နိုဝင်ဘာ ၂၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တာ ဆိုပေမယ့် ဒီဇင်ဘာ ၃ ရက်နေ့ ရောက်မှသာ ရဲဌာနက သိရှိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာ နေအိမ်ကို ရဲတွေ ရောက်သွားချိန် မှာတော့ သေနတ် ဒဏ်ရာနဲ့ အလောင်း ၃ လောင်းကိုသာ တွေ့ရှိခဲ့ပြီး အနီးအနားဝန်းကျင်ကို ရှာကြည့်တဲ့အခါ သက်သေခံ လက်နက်ရယ်လို့ ရှာဖွေ မတွေ့ရှိခဲ့ပါဘူး။
အိမ်နီးချင်းတွေရဲ့ပြောပြချက်အရ နိုဝင်ဘာ ၂၈ ရက် ညနေခင်းပိုင်းလောက်မှာ သေနတ်သံတွေကိုကြားခဲ့ရပေမယ့် အခုလို မိသားစုလိုက် အသတ်ခံရမယ့် အဖြစ်ကြီးကို ကြုံရလိမ့်မယ်လို့ ထင်မထားကြဘူးလို့ ဆိုပါတယ်။
အလောင်းကို စတင် တွေ့ရှိခဲ့သူကတော့ Tambon Ban Du ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ Pattanaphong Pho Ket ဖြစ်ပါတယ်။ သေဆုံးသူ ကောင်မလေးရဲ့ ဖခင်ဖြစ်သူ Udom ဟာ ဝန်ထမ်းတယောက်ဖြစ် ပြီး ရုံးမလာတာ ကြာနေပြီဖြစ်တဲ့အတွက် မြို့တော်ဝန်က အိမ်ကို သတင်းမေးသွားရာကနေ အခုလို အဖြစ်ဆိုးကြီးနဲ့ ပက်ပင်း တိုးမိခဲ့တာပါ။
သိပ်မကြာခင်မှာပဲ ချင်းရိုင်ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့တဲ့ အသက်၂၇ အရွယ် Nawaratorn Kunasangkam ဆိုသူကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ သေဆုံးသူ ကောင်မလေးရဲ့ ရည်းစားပါ။ သူ့ ထွက်ဆိုချက်အရ ရည်းစားဖြစ်သူ ကောင်မလေး Kimsi ဟာ Line Application ကိုသုံးပြီး တခြား ကောင်လေးတယောက်နဲ့ Chatting ပြောပြောနေတာကို သိခဲ့ရတဲ့အတွက် အခုလိုပဲ သတ်ပစ်လိုက်တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
လူသတ်မှုဟာ ကောင်မလေး အိမ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အတွက် သေနတ်သံ ကြားပြီးနောက်မှာ ကောင်မလေးရဲ့ မိဘဖြစ်သူတွေ ရောက်လာကြပါတယ်။ သူ့အပြစ်တွေ ပေါ်ကုန်မှာ စိုးတဲ့အတွက် ကောင်မလေးရဲ့ မိဘတွေကိုလည်း သတ်ပစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒီနေ့ခေတ်အတွက်တော့ ဆိုရှယ်မီဒီယာကို လူတိုင်းနီးပါး အသုံးပြုနေကြတာ မဆန်းပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေရဲ့ နောက်ကွယ်မှာ လူသေဆုံးမှု၊ လူသတ်မှုတွေလည်း ဖြစ်ပျက်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဆိုရှယ်မီဒီယာကို ဆင်ဆင်ခြင်ခြင် အသုံးပြုသင့်ပါတယ်။
Ref: chiangraitimes
You may also like these stories:
ဗစ်တိုးရီးယားအမှု CCTV မှတ်တမ်းများ ပြန်မရပါက သမ္မတရုံး အမိန့် နာခံမည်ဟု ဆို
လူတယောက်ကို ငါး တကောင် ပုဇွန် တကောင် လောက်တောင် တန်ဖိုးမထားဘူး