မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၃ ခုစလုံးအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ လခန့်က တရားလိုဖြစ်သူ စူးရှထက်မှ အမှုများအတွက် တရားရုံးမှာ ကျေအေးလွှာ လာရောက် တင်ခဲ့ပေမယ့် အဆိုပါ ကျေအေးလွှာမှာ ကျေအေးလွှာလို့ သတ်မှတ်လို့ မရဘူးလို့ တာမွေမြို့နယ် သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက ပြောပါတယ်။
“အခု တရားလို စူးရှထက်တင်ခဲ့တဲ့ ကျေအေးလွှာက ကျေအေးလွှာလို့ သတ်မှတ်လို့မရဘူး။ အဲ့အတွက်ကြောင့် မကျေအေးရင်လည်း ဒီလောက် ပြစ်ဒဏ်ပဲ ချရမှာပဲ။ သူတို့က ကျေအေးရဲ့သားနဲ့ တရားရုံးက မကျေအေးတာလို့ သူတို့စိတ်ထဲမှာ ထင်နေလိမ့်မယ်။ မဟုတ်ဘူး။ ရုတ်သိမ်းခွင့် ရလောက်တဲ့အထိ တင်ထားတဲ့စာ မဟုတ်ဘူး။ ဒါဥပဒေပညာရှင် တော်တော်များများကတော့ သိပါတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အဆိုပါ ကျေအေးလွှာမှာ ရုတ်သိမ်းခွင့်ရလောက်တဲ့အထိ တင်ထားတဲ့ စာမဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ အရ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်းရှိပါက အဖြေတမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကို မိတ္တူလာပေးသွားတာပဲ ရှိတယ်။ ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ ကျနော်တို့မှာ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ၄၉၄ အရ ဆောင်ရွက်နိုင်ခြင်း ရှိရင်တော့ ဒီအဖြေဟာ တမျိုးတမည်ဖြစ်မှာပေါ့”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
တရားစွဲဆိုခံထားရတဲ့ ပုဒ်မများဖြစ်တဲ့ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့အတွက် ပြစ်ဒဏ် တပေါင်းတည်း ၇ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်အများကြီး လျှော့ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ဘက်က အများကြီး လျှော့ထားတာပါ။ ၃၂၄ ဆိုရင် ပြစ်ဒဏ် ၃ နှစ်ထိ ချလို့ရတယ်။ ၃၂၃ ဆိုရင် ၁ နှစ်ထိ ချလို့ရတယ်။ ၃၇၆ ကတော့ ၁၀ နှစ်ထိ ချလို့ရတယ်။ ဒါပေမယ့် အခု ကျနော်တို့က ပြစ်ဒဏ်ကိုတခါတည်း ပေါင်းပေးလိုက်တာမျိုး ရှိပါတယ်။ ၃၇၆ ကို ၇ နှစ် ချပါတယ်။ ၃၂၄ ကို ၁ နှစ် ချပါတယ်။ ၃၂၃ ကို ၆ လ ချပါတယ်။ ပြစ်ဒဏ်တွေ တပေါင်းတည်း ဖြစ်တာကြောင့် သူ ၇ နှစ်ပဲ ကျပါတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အစ္စဏီ့အနေနဲ့လည်း အဆိုပါ ပြစ်ဒဏ်များအတွက် ပြစ်ဒဏ်ချမှတ်တဲ့အချိန်မှာ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ဖို့အတွက် အခွင့်အရေးရှိတယ်လို့ သိရပါတယ်။
“အယူခံဝင်ခွင့်ရှိတာပေါ့။ သူ့အခွင့်အရေး မဆုံးရှုံးဘူး။ ကျနော်တို့ကလည်း လူတယောက်ကို နစ်နာစေ သွားပြီဆိုတဲ့ စိတ်မျိုးနဲ့ ချလိုက်တာ မဟုတ်ဘူး။ လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ အဆိုတော် လူတွေက စံနမူနာ ဖြစ်နေကြတာလေ။ ဒီကလေးမျိုးက ဒီလိုအဖြစ်မျိုးကို လုပ်ခဲ့တဲ့အခါမှာ ကျနော်တို့က လူ့ပတ်ဝန်းကျင်မှာ ပစ်ဒဏ်ချတာ၊ လက်စားချေတာ မဟုတ်ဘူးနော်။ လက်စားချေတာ မဟုတ်သော်လည်းပဲ သင့်တော်တဲ့ အပြစ်ဒဏ်မျိုးကိုတော့ အတုခိုးမမှားအောင် ကျနော်တို့က ပေးရတယ်”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အဆိုပါ အမှုဖြစ်ပွားခဲ့သည်မှာ ၁ နှစ်ကျော် ၂ နှစ်နီးပါး အချိန်ကြာမြင့်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဝင်းဇော်ဦးက အခုလို ပြောပြခဲ့ပါတယ်။
“နောက်တခုက အမှုစစ်ဆေးတာ ၁ နှစ်ကျော် ကြာခဲ့တယ်ဆိုတာ ဒါလည်း စိတ်ဝင်စားကြမှာပဲ။ အပြင်ကလူတွေကတော့ သက်သေ ၁၁ ယောက်ထဲကို ဘာလို့ ၁ နှစ်ကျော်ကြာလဲ သို့လောသို့လောတွေ ဖြစ်ကြမှာပဲ။ ကျနော်တို့က အာမခံပေးတဲ့ကိစ္စကို အာမခံပေးလို့ မရတဲ့ ပုဒ်မဖြစ်လို့ မပေးဘူး။ ဒါကိုသူတို့က ခရိုင်တွေတိုင်းတွေကို တက်တယ်။ အဲ့မှာကြာတယ် တချက်၊ နောက်တခုက စီဒီခွေကို သက်သေ တင်သွင်းတယ်။ အဲဒါကိုလည်း ခရိုင်၊ တိုင်းထိ ဆက်တက်ကြတယ်။ နောက်တခုက ရုံးပြောင်းကိုလည်း ခရိုင်တိုင်းအထိဆက်တက်ကြတဲ့အတွက် ဒီအမှုက ဒီလောက်အချိန်ကာလအထိ ကြန့်ကြာသွားတာ”လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလက စတင်ခဲ့တဲ့အမှုကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ တရားလိုဖြစ်သူ စူးရှထက်မှာ တာမွေတရားရုံးတွင် လာရောက် ကျေအေးပေးခဲ့ပြီး ၅ လအကြာမှာတော့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
You may also like these stories:
“အစ္စဏီ ထောင် ၇ နှစ်ကျတာ ဘာပုဒ်မနဲ့ ကျတာလဲ မသိသေးဘူး”လို့ ဦးရောဘတ်စန်းအောင် ပြော
အသက်ရှုရခက်ပြီး မောလာတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတဲ့ အစ္စဏီရဲ့ အမှု
ရုတ်သိမ်းလွှာ တင်ပြီးပေမယ့် အစ္စဏီရဲ့ အာမခံ တင်ပြမှုကို တရားရုံးက လက်မခံ
“အစ္စဏီအမှု ရုတ်သိမ်းခွင့်နဲ့ ညီညွှတ်ရင် အမှုပြီးဆုံးကာ လွတ်မြောက်မှာပါ”လို့ ရှေ့နေ ပြော