၂နှစ်နီးပါးကြာပြီဖြစ်တဲ့အမှုကိုပြီးခဲ့တဲ့ရက်ပိုင်းက တာမွေမြို့နယ်တရားရုံးမှာ အမိန့်ချခဲ့ပြီဖြစ်တဲ့ အစ္စဏီရဲ့အမှုကိုတော့ မူလမြို့နယ်တရားရုံးက တရားလိုရဲ့စွပ်စွဲချက်ကို ထောက်ခံသော အထောက်အထားများနဲ့ ထင်ကြေးနဲ့ဆုံးဖြတ်ခဲ့တယ်လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးကပြောပါတယ်။
“မူလမြို့နယ်တရားရုံးသည် တရားလိုရဲ့စွပ်စွဲချက်ကို ထောက်ခံတဲ့အထောက်အထားတွေ ထင်ကြေးနဲ့ဆုံးဖြတ်ခဲ့တယ်။ ကျနော်တို့ဘက်က တင်ပြတဲ့အထောက်အထား သက်သေခံချက်တွေကို တလုံးတဘာသာမျှ စီရင်ချက်ထဲမှာ ထည့်သွင်း သုံးသပ်ခဲ့ခြင်းမရှိဘူး။ ဒါပေါ်လွင်ပြီးသားပါ။ တရားလိုဘက်ကတင်ပြထားတဲ့ အချက်အလက်တွေမှာ အဓိကသက်သေ တွေဖြစ်တဲ့ သက်သေ ၃ယောက် လာရောက်ခြင်းမရှိဘူး။ ထွက်ဆိုခြင်းမရှိဘူး။ ဒါတွေကိုမူလရုံးတော်က ပြည့်ပြည့်စုံစုံ မသုံးသပ်ထားဘူး” လို့ ဦးကျော်ဇင်ဦးကပြောပါတယ်။
တရားလိုဘက်မှ ကျေအေးခြင်းကို သူ့ရဲ့သဘောဆန္ဒအလျောက်ပြုလုပ်ခဲ့သော်လည်း အထမမြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရုပ်သိမ်းခြင်းဆိုတဲ့ကိစ္စရပ်ကို ကျနော်တို့ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ တရားလိုသည် မိမိဆန္ဒအလျောက် ကျေအေး ရုပ်သိမ်းလိုတယ်။ တဖက်ကမိသားစုဝင်တွေနဲ့လည်း အဆင်ပြေလိုတယ်ဆိုတာကို ယုံကြည်လို့ ရုပ်သိမ်းခဲ့တယ်။ ရုပ်သိမ်း တဲ့အပေါ်မှာ ကျနော်တို့က ဝမ်းမြောက်ဝမ်းသာစွာနဲ့ပဲ ပြည်သူအချင်းချင်းဖြစ်တဲ့ပြဿနာတွေမှာ ပြည်သူ အချင်းချင်း ကျေအေးသွားတဲ့အတွက် ဝမ်းသာပါတယ်”
“ မှုခင်းတွေတိုတောင်းသွားတယ်။ အညှိုးတွေ အာဃာတတွေမရှိတော့ဘူး။ သို့သော်ကျေအေးခြင်းဆိုတာက အထမမြောက်လာတဲ့အတွက် တရားရုံးက ဘာမှမဆောင်ရွက်နိုင်တာပါ။ တရားရုံးတွေသည် ဥပဒေနဲ့ အညီ ဆောင်ရွက်တာပါ” လို့ ဦးကျော်ဇင်ဦးကပြောပါတယ်။
ဆက်လက်ပြီးတော့လည်း “ အခုကအထမမြောက်သွားတဲ့အတွက် ရုပ်သိမ်းခဲ့ခြင်းသည် ပေါ်လွင်ခဲ့ခြင်းမရှိတဲ့အတွက် အရာမထင်ဘဲ အဟောတိကံဖြစ်သွားတာပါ။ ရုံးတော်အနေနဲ့ကလည်း ရုပ်သိမ်းခွင့် ဌာနဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ဥပဒေအရာရှိတွေ ရဲတွေကရုတ်သိမ်းခွင့်ပြုပါလို့တင်ပြရင်တောင် ကျနော်တို့ဥပဒေမှာ ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ ရုပ်သိမ်းခွင့်ပြုမယ့်မူဝါဒတွေ အကြောင်းတရားတွေ စီရင်ထုံးတွေရှိပါတယ်” လို့ပြောပါတယ်။
အမှန်တရားတခုပေါ်လွင်စေဖို့အတွက် ခရိုင်တရားရုံးသို့ အယူခံဆက်လက်တက်သွားမှာဖြစ်ပြီး မြို့နယ်တရားရုံးမှ မပြည့်မစုံဆုံးဖြတ်သွားသည်များကို အထက်တရားရုံးက ပြည့်ပြည့်စုံစုံနဲ့ ဆုံးဖြတ်ပေးဖို့ အကြောင်းပြချက်နဲ့ အယူခံဝင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်က ခရိုင်တရားရုံးမှာ ပြည့်ပြည့်စုံစုံနဲ့ ဆုံးဖြတ်စေလိုတာပါ။ ပြည့်ပြည့်စုံစုံနဲ့ ဆုံးဖြတ်လိုက်ပြီဆိုရင် အမှန်တရား တခုက ပေါ်လွင်လာမှာပါ။ အခုကမပြည့်မစုံနဲ့ဆုံးဖြတ်ထားတယ်လို့ ကျနော်တို့က မြင်တဲ့အတွက် အထက်တရားရုံးမှာ ပြည့်ပြည့်စုံစုံနဲ့ဆုံးဖြတ်ပေးပါ။ အယူခံအနေနဲ့ပြန်သုံးသပ်ပေးပါ။ ဥပဒေကြောင်းအရ အခွင့်အရေးပေးပါလို့ ဥပဒေ အကြောင်းပြချက် ၂ခုနဲ့တက်မှာပါ” လို့ ဦးကျော်ဇင်ဦးကပြောပါတယ်။
အစ္စဏီအား တရားလိုဖြစ်သူ စူးရှထက်က ၂၀၁၈ခုနှစ် ဧပြီလအတွင်းက မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ခုဖြင့် တရားစွဲဆိုခဲ့၍ ၂၀၁၉ခုနှစ် သြဂုတ်လအတွင်းမှာ တာမွေတရားရုံးတွင် အမှုကျေအေးလွှာမှာ လက်မှတ်ထိုးခဲ့တာပဲဖြစ်ပါတယ်။
You may also like these stories:
သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော
“အစ္စဏီ ထောင် ၇ နှစ်ကျတာ ဘာပုဒ်မနဲ့ ကျတာလဲ မသိသေးဘူး”လို့ ဦးရောဘတ်စန်းအောင် ပြော
“စူးရှထက်ရဲ့ ကျေအေးလွှာက ကျေအေးလွှာလို့ သတ်မှတ် မရဘူး”လို့ တာမွေမြို့နယ် တရားရုံးမှ ပြော