သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူမှ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အမှုကိုတော့ ယခင်အမှုများကဲ့သို့ မကြန့်ကြာစေရန် အချိန်တိုအတွင်း အမှုပြီးစီးအောင် စစ်ဆေးသွားမယ့်အကြောင်းကို ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
“ကျနော်တို့က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ကျင့်သုံးခြင်းအားဖြင့် အမှုသည်တွေက ဘယ်ကာလအတွင်းမှာ အမှုကိုကြားနာမယ်။ ဘယ်သူတွေကြားနာမယ်ဆိုတာ သိရတာဖြစ်တဲ့အတွက် အရင်ကလိုအမှုတွေကြန့်ကြာတာမျိုးတွေ မဖြစ်တော့ဘူး။ နောက်ပြီး ရုံးကို ခဏခဏ လာရတဲ့ ဒုက္ခတွေ မရှိတော့ဘူး”
“နောက်တခါ ရုံးချိန်း သေချာအောင် နှစ်ဖက်ကို ညှိပေးတယ်။ သတ်မှတ်ထားတဲ့ ရုံးချိန်းမှာ သက်သေတွေကို စစ်ပေးတယ်။ တရားရုံး အသုံးပြုသူတွေအတွက် အချိန်ကာလ တိကျသေချာမှုကို ရရှိစေမှာဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ် ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ယနေ့၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ရုံးချိန်းမှာတော့ နှစ်ဦးနှစ်ဖက် အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး တရားလိုပြသက်သေနဲ့ တရားလိုအား စစ်ဆေးရန် ရုံးချိန်း ၃ ချိန်း သတ်မှတ်ခဲ့ပါတယ်။
“တရားလိုပြ သက်သေတွေကို ကြားနာဖို့အတွက် ရုံးချိန်း ၃ ချိန်း သတ်မှတ်ထားပါတယ်။ စတင်ကြားနာမယ့်နေ့ကတော့ ၃၁ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ၂ ဖက် အမှုသည်တွေကတော့ ဒီနေ့ရုံးချိန်းမှာ ကျေအေးပေးလိုတဲ့ ဆန္ဒ မရှိကြောင်း ပြောခဲ့ပါတယ်” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ဒီကနေ့ရုံးချိန်းမှာ တရားလိုနဲ့ စွပ်စွဲခံရသူတို့ကို ကျေအေးဖို့ ရှိ၊ မရှိဆိုတဲ့ မေးခွန်း မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။
“မှုခင်းညှိနှိုင်း စီမံခန့်ခွဲမှု အစီအစဉ်အရ နှစ်ဖက်ညှိနှိုင်း အစည်းအဝေး လုပ်တဲ့အခါမှာ နှစ်ဖက် အမှုသည်တွေကို မေးမြန်းရပါတယ်။ သူတို့တွေ ကျေအေးလိုစိတ် ရှိ၊ မရှိကို မေးမြန်းရပါတယ်။ ဒါကလည်း နှစ်ဖက်အမှုသည်တွေက ကျေအေးလိုစိတ်ရှိရင် ညှိနှိုင်းစီစဉ်ပေးဖို့ ဖြစ်ပါတယ်” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
နောက်တကြိမ် ရုံးချိန်းမှ စတင်ကာ တရားလိုကို စစ်ဆေးတော့မှာဖြစ်ပြီး တရားလိုဘက်မှ သူအပါအဝင် သက်သေ ၄ ယောက်ကို တင်သွင်းထားပြီး အမှုခိုင်လုံပါက စွပ်စွဲခံရသူကို စွဲချက်တင်မှာဖြစ်တယ်လို့ သိရပါတယ်။
“အမှုစစ်ဆေးတယ်ဆိုတာက တရားလိုဘက်က အမှုကို ခိုင်မာကြောင်း သက်သေ တင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ သက်သေကလည်း တရားလို အပါအဝင်မှ ၄ ယောက်ပဲ ရှိတာ။ ၃ ချိန်းအတွင်းမှာ တရားလိုက သူ့အမှုကို ခိုင်လုံကြောင်း သက်သေတင်ပြရမှာ ဖြစ်ပါတယ်”
“ အမှုက တရားလိုတင်ပြတဲ့ သက်သေတွေအရ ငြိစွန်းချက်တွေ ပေါ်ပေါက်တယ်ဆိုရင် ကျနော်တို့က စွဲချက်တင်တဲ့ အဆင့် ရောက်သွားမှာပါ။ ငြိစွန်းချက် မရှိရင် စွဲချက် မတင်ဘဲ လွတ်မှာ ဖြစ်ပါတယ်။ ဒါက အမှုရဲ့လုပ်ထုံးလုပ်နည်းပါ” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပြီး အဆိုပါ ကာမလိမ်လည်မှုကတော့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်၍ အမှုဖြစ်စဉ်အားလုံးကိုတော့ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးသွားမှာဖြစ်ပါတယ်။
You may also like these stories:
“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော
“မိုးအောင်ရင်အမှု ပြစ်မှု ထင်ရှားရင် ပြစ်ဒဏ် စီရင်မယ်”လို့ တရားရုံးပြန်ကြာရေး အရာရှိ ပြော
ဝေဖန်တာတွေကို ဂရုမစိုက်ဘဲ မှန်တဲ့အတိုင်း ဆက်လုပ်သွားမယ့် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း