"မိုးအောင်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့တယ်"လို့ ခင်မြတ်နိုး ပြော
သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးကတော့ ယနေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းမှာ သူရဲ့ထွက်ဆိုချက်များကို တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အဆိုပါ ထွက်ဆိုချက်မှာတော့ မိုးအောင်ရင်က ခင်မြတ်နိုးအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
“ရိုက်တာနှက်တာက အခုမှ မဟုတ်ဘူး။ ဟိုးအရင် မူးယစ်မှုနဲ့ ထောင်မကျခင်ကတည်းက ဖြစ်ခဲ့တာပေါ့။ အဲဒါတွေကို ထုတ်ပြောဖို့ရာ ပြောလို့မရဘူး။ သူ့ဘက်ကိုလည်း ကြည့်ရသေးတယ်။ သူလည်း မင်းသားတယောက်ဖြစ်လို့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ မပြောခဲ့တာတွေ အများကြီးရှိတယ်။ ဒီလိုမျိုးလုပ်လား၊ မလုပ်ဘူးလားဆိုတာ သူနဲ့အရင်တုန်းက တွဲခဲ့တဲ့ ကောင်မလေးတွေလည်း သိမှာပါ”လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်ရဲ့ မိဘများမှ ခင်မြတ်နိုးအား သဘောတူပြီး ခေါ်ခဲ့တာကြောင့် လင်မယားအရာ မြောက်ခဲ့ပြီး ယုံကြည်ခဲ့တာလို့ ဆိုပါတယ်။
“သူ့အဖေ၊ အမေကိုက သဘောတူပြီးတော့ ခေါ်သွားတာဆိုတော့ လင်မယားအရာ မြောက်ခဲ့တာပေါ့။ ကိုယ်ကတော့ ယုံခဲ့တာပေါ့။ ကတိဖျက်မယ့် လူစားမဟုတ်ဘူးလို့ တထစ်ချ ယုံခဲ့တာပေါ့။ အခုတော့ သူလည်းပေါ့ပေါ့ပါးပါး ကတိ ပေးတတ်တဲ့သူ၊ ကတိဖျက်တတ်တဲ့သူ စာရင်းထဲ ပါသွားတာပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင်နဲ့ ခင်မြတ်နိုးတို့ နှစ်ဦးက ၂၀၁၂ ခုနှစ်က စတင်သိကျွမ်း ချစ်ကြိုက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ မိုးအောင်ရင်ရဲ့နေအိမ်မှာ အတူလိုက်ပါနေထိုင်ခဲ့ကာ ၂၀၁၆ ခုနှစ်ထဲမှာ ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
“အဲဒီတုန်းက အာထရာဆောင်း ရိုက်ကြည့်တော့ ကလေးက နှလုံးမခုန်တော့ဘူး။ ဆာကူရာဆေးရုံမှာပေါ့။ သေသေချာချာ လုပ်ခဲ့တာပါ။ ဒီတိုင်းဖျက်ချတာတော့ မဟုတ်ပါဘူး။ သူလည်း သိပါတယ်”လို့ ခင်မြတ်နိုးက ပြောပါတယ်။
မိုးအောင်ရင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေစဉ်အတွင်းနဲ့ ထောင်ကျတဲ့ အချိန်များမှာလည်း အစစအရာရာ လုပ်ပေးခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာတဲ့အချိန်မှာ ပြောင်းလဲသွားခဲ့တာလို့ သိရပါတယ်။
“ကိုယ့်စိတ်နဲ့ နှိုင်းပြီးတော့ ဒီလိုမျိုး မလုပ်လောက်ဘူးလို့ ထင်တာပေါ့။ ဒီလိုဖြစ်သွားခဲ့တော့ ကိုယ့်ရဲ့ကုသိုလ်ကံပဲပေါ့။ ကိုယ်လည်း အတိတ်ဘဝက ဒီလိုမျိုးလုပ်ခဲ့လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဆုံးရှုံးနစ်နာခဲ့တာတွေလည်း အများကြီးပါ။ ပြောရင်လည်း တချို့လူတွေက ယုံမှာမဟုတ်ဘူး။ ကိုယ်ဖြစ်ခဲ့တာဆိုတော့ ကိုယ်အသိဆုံးပါပဲ” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ယနေ့ ဇန်နဝါရီ ၃၁ရက်နေ့ ရန်ကင်းတရားရုံးမှာတော့ ခင်မြတ်နိုးဘက်မှ မိုးအောင်ရင်နဲ့ ပတ်သက်ခဲ့တဲ့ အကြောင်းအရာများ၊ သက်သေတင်သွင်းမှုများကို ပြုလုပ်ခဲ့ပြီး အခုလိုပြောခဲ့ရတာအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“စိတ်တော့မကောင်းဘူးပေါ့။ ဒါတွေကလည်း ပြောချင်လို့ပြောရတာ မဟုတ်ဘူး။ သူ့ဘက်ကိုယ့်ဘက်တော့ ကြည့်ရတာပေါ့။ ကိုယ့်ဘက်နဲ့ ပတ်သက်လာရင်တော့ ပြောသင့်ပြောထိုက်တာပြောရမှာပါ။ သူတို့စပြီးပြောလိုက်ကတည်းက ကိုယ့်မှာလည်း ရှက်စရာ အရှက်လည်း မရှိတော့ဘူး။ သူတို့ခွဲပြီးသားအရှက်ကလည်း ကမ်းကုန်နေပြီဆိုတော့ ပြောစရာရှိတာ ပြောရတော့မှာပဲ။ မရှိ ရှိတဲ့သတ္တိကို မွေးပြီးပြောရတာပဲ”လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဒီအမှုအတွက်လည်း မိုးအောင်ရင်ကို ဥပဒေအတိုင်း ထောင်ဒဏ် ၃ နှစ်ဆိုလည်း ၃ နှစ် ကျခံစေချင်ကြောင်း ခင်မြတ်နိုးက ပြောပါတယ်။ လက်ရှိမှာတော့ ခင်မြတ်နိုးက မိုးအောင်ရင်နဲ့ ပတ်သက်ခဲ့တဲ့ သက်သေ ဓာတ်ပုံ ၁၁ ပုံနဲ့ မိုးအောင်ရင်ရဲ့မိခင်ဖြစ်သူနဲ့ ပြောဆိုထားတဲ့ စာများ၊ အသံဖိုင်များကို သက်သေအဖြစ် တင်သွင်းထားပါတယ်။
You may also like these stories:
မိုးအောင်ရင်တို့ အမှုအား အချိန်တိုအတွင်း အပြီးသတ် စစ်ဆေးသွားမည်
“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော
“မိုးအောင်ရင်အမှု ပြစ်မှု ထင်ရှားရင် ပြစ်ဒဏ် စီရင်မယ်”လို့ တရားရုံးပြန်ကြာရေး အရာရှိ ပြော