မကြာသေးခင်က ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရတဲ့ အဆိုတော် အစ္စဏီကိုတော့ ကျခံရမယ့်ပြစ်ဒဏ် များနေတာကြောင့် ပြစ်ဒဏ်လျှော့ပေါ့စေရန် ဂီတသမားများနဲ့အတူ ကမ်ပိန်းတခု ပြုလုပ်သွားမယ်လို့ ဂီတမှူး နိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။
“ဥပဒေအရ အမိန့်ချမှတ်တဲ့သူဆီ ကျနော်တို့က လှုပ်ရှားမှုတခု၊ ကမ်ပိန်းတခုကို သူတို့ဘက်ကသိပြီး ပြည်သူတွေကလည်း ဒါကိုဆုံးဖြတ်ရအောင် မီးမောင်းထိုးပြတာပါ။ မုဒိမ်းမှုကျူးလွန်တယ်ဆိုပြီး သူ့ကို ပစ်ပယ်ထားတဲ့သူတွေကြားထဲမှာ သူတကယ်ရော ကျူးလွန်ခဲ့လား။ အဲဒါကိုတကယ်သိဖို့တော့ လိုတယ်လေ”
“စစ်ချက်တွေကိုရော ဘယ်သူတွေ ကြည့်ခွင့်ရှိလဲ။ ဒါတွေအားလုံးကို သံသယနဲ့ သွားနေမယ်ဆိုရင်တော့ တရားခံက သံသယအကျိုး ခံစားခွင့် ရှိတယ်။ ၇ နှစ်ဆိုတာကြီးက များလို့ ကျနော်တို့က အသနားခံစာတင်ဖို့အတွက် အနုပညာရှင်တွေရဲ့လက်မှတ် ခွင့်ပြုချက် ယူတာပါ။ အခုဆိုရင် တော်တော်များနေပါပြီ” လို့ နိုင်ဇော်က ပြောပါတယ်။
အဆိုပါ အသနားခံစာများကိုတော့ ဂီတဘက်မှ အနုပညာရှင်များသာမက အစ္စဏီကို ချစ်ခင်ကြတဲ့သူများလည်း ပါဝင်လို့ ရပြီး နာမည်ကြီးဖို့မလိုဘဲ အစ္စဏီဘက်မှ ထောက်ခံပေးကာ ဆက်သွယ်ရန် လွယ်ကူမယ့် အလွှာစုံမှ လူများ ပါဝင်တယ်လို့ သိရပါတယ်။
“ရုပ်ရှင်သမားတွေက သူတို့လူတွေကို Cover လုပ်တယ်။ ပိုပြီး စည်းရုံးတယ်လို့ ပြောရမယ်။ ဥပမာ – မမေသန်းနုဆိုရင် တရားသူကြီးပြောချက်အရ ၇ နှစ်အထိ ကျနိုင်တဲ့အမှုကို အများကြီးငဲ့ညှာပြီး ၁ နှစ်လောက်ပဲ ချလိုက်ရတယ်လို့ ဖတ်လိုက်ရတော့ ၇ နှစ်လောက် ကျနိုင်တဲ့သူကို ၁ နှစ်လောက်ချပြီးတော့ ၁ နှစ်လောက်ကျနိုင်တဲ့သူကို ၇ နှစ်လောက် ချတဲ့ကိစ္စမှာလည်း ကျနော်တို့ဘက်က မစည်းရုံးနေလား။ ကိုယ့်အနုပညာသမားတွေက မကာကွယ်ပေးလို့လေလားဆိုပြီး စိတ်မကောင်း ဖြစ်မိတာပေါ့”လို့ နိုင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး “သူကအဓိကက အမေပဲ ရှိတယ်။ အဘိုးအဘွားတွေကိုလည်း သူပဲ ရှာကျွေးနေတာ ဆိုတော့ နောက် ၇ နှစ်ကြာရင် ဘာဖြစ်မယ်ဆိုတာ မသိရဘူး။ ခေတ်ကြီးကပြောင်းလဲနေတော့ ဂီတသမားတယောက်ရဲ့ သက်တမ်းက တိုတောင်းပါတယ်။ တဖက်ကကြည့်ရင်လည်း ကာယကံရှင် မိန်းကလေးဘက်ကလည်း ကျေအေးပါတယ်လို့ ပြောထားတယ်လေ”
“အဲ့ကျေအေးမှုကို အစိုးရဘက်က လက်မခံဘူး။ ဒါလည်း နိုင်ငံတော်က တာဝန်ယူတဲ့ကိစ္စတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပြစ်ဒဏ်ချလိုက်တာတော့ ဟုတ်ပြီ။ ဒီထက်ဖြေလျှော့ပေးပါလို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။
အစ္စဏီကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး အယူခံကိုတော့ ၁ လအတွင်းဝင်ရန် သတ်မှတ်ထားတဲ့အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဝင်ခဲ့ရာ အယူခံအား လက်ခံခဲ့တယ်လို့လည်း သိရပါတယ်။
“ကောင်မလေးနဲ့သူနဲ့ကြား ရန်ဖြစ်တဲ့အခါ တယောက်နဲ့ တယောက် နစ်နာအောင်ပြောကြပေမယ့် တကယ်ဖြစ်တဲ့အချိန်မှာ တချို့ဟာလေးတွေက ကွဲလွဲမှု ရှိတယ်။ ရှေ့နေဆီက တဆင့်သိရတယ်။ အမျိုးသမီးတယောက်ကို ဒီလို ကိုယ်ထိလက်ရောက် စော်ကားတဲ့ကိစ္စတော့ ကျနော်လည်း သဘောမကျပါဘူး။ အဲဒါကို အပြစ်ဒဏ်ခံရတဲ့ ကိစ္စကိုတော့ ကျနော်တို့က အယူခံဝင်စရာ အကြောင်း မရှိဘူးလေ” လို့ နိုင်ဇော်က ပြောပါတယ်။
အဆိုပါ သက်ဆိုင်ရာ ဥပဒေတာဝန်ရှိ လူကြီးများထံ အသနားခံစာကိုတော့ နိုင်ဇော်က ဦးဆောင်ကာ အရှေ့ပိုင်းခရိုင် တရားရုံးမှာ တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလက စတင်ခဲ့တဲ့အမှုကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ တရားလိုဖြစ်သူ စူးရှထက်က တာမွေတရားရုံးမှာ လာရောက် ကျေအေးပေးခဲ့ပြီး ၅ လအကြာမှာတော့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
You may also like these stories:
အစ္စဏီအမှုကို မူလတရားရုံးက ပြည့်ပြည့်စုံစုံ မသုံးသပ်ထားဘူးလို့ ရှေ့နေဦးကျော်ဇင်ဦးပြော
သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော
“စူးရှထက်ရဲ့ ကျေအေးလွှာက ကျေအေးလွှာလို့ သတ်မှတ် မရဘူး”လို့ တာမွေမြို့နယ် တရားရုံးမှ ပြော