ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းများမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကို စစ်ဆေးလျက်ရှိပါတယ်။
အဆိုပါ အသံဖိုင်များစွာကို စစ်ဆေးခဲ့ရာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရုံးချိန်း စစ်ဆေးမှုမှာတော့ ဝေဠုကျော်နဲ့ သင်းသင်းတို့ နှစ်ဦးရဲ့ ပြဿနာတက်ကြတဲ့ အသံဖိုင်နေရာကို ရောက်နေပြီလို့ သင်းသင်းက ပြောပါတယ်။
“အခြေအနေကတော့ အရင်ထက်စာရင်တော့ နီးကပ်လာပြီ။ ဒီနေ့ စစ်ဆေးတာတော့ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တွေ ကောင်းလာပြီ။ ပြဿနာတက်တဲ့ နေရာကို ရောက်နေပြီ။ လောလောဆယ်တော့ ကျမတို့ နှစ်ယောက်ရဲ့အသံတွေပဲပေါ့”လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။
လက်ရှိမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ စစ်ဆေးနေဆဲ ကာလဖြစ်ပြီး နောက်ရုံးချိန်းများ သိပ်မကြာခင်မှာ ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“အခုအချိန်မှာတော့ ကျမဘက်က သက်သေတွေပဲ ရှိသေးတယ်။ ကျမဘက်ကတော့ နောက် ၂ ချိန်း၊ ၃ ချိန်းဆို ပြတ်ပါပြီ”လို့ သင်းသင်းက ပြောပါတယ်။
သင်းသင်းအနေနဲ့လည်း ဒီအမှုကို ရင်ဆိုင်တာဟာ တဖက်လူအပေါ် နစ်နာစေရန် ဆန္ဒ မရှိဘဲ အမှန်တရားတခုအတွက်သာ ရင်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“မျှော်လင့်ချက်ဆိုတာတော့ အမှန်တရားတခုပါ။ သက်သေဆိုလို့ ဒါလေးတွေပဲ ရှိတာဆိုတော့ အားဖြစ်ရမယ့်ဟာက ဒါလေးပဲ ရှိတာဆိုတော့။ နစ်နာဖို့အတွက်တော့ မဟုတ်ပါဘူး။ ကိုယ်က မိန်းကလေးတယောက်အနေနဲ့ နစ်နာတာကို အမှန်တရားလေးတခု ဖြစ်ရင် ရပါပြီ”လို့ သင်းသင်းက ပြောပါတယ်။
နောက်တပတ် ရုံးချိန်းမှာလည်း တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
လတ်တလော ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ဝေဠုကျော်
“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော
“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော
“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း