သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးကတော့ အမှုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ လိုအပ်ချက်များရှိနေတာကြောင့် အားမရဘူးလို့ ပြောပါတယ်။
“သိပ်တော့အားမရဘူး။ ကိုယ်ကတော့ အမှန်အတိုင်းကို တင်တယ်။ ဒါပေမဲ့ ကိုယ်တွေက ဥပဒေအကြောင်းအရ တိတိကျကျ ရေရေရာရာ သိပ်မသိဘူးဆိုတော့ လိုအပ်တာတွေလည်း နည်းနည်းပါးပါးတော့ရှိတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်သူခင်မြတ်နိုးဘက်မှ သက်သေအဖြစ် မိုးအောင်ရင်နဲ့ သူ့ရဲ့ဖခင် ဦးအောင်ရင်တို့ သားအဖ နှစ်ဦး Cele Gabar မီဒီယာမှာ ဖြေဆိုထားတဲ့ အင်တာဗျူးဖိုင်၊ ပြန်လည်တောင်းပန် ထားတဲ့အင်တာဗျူးဖိုင်အား အသံသွင်းပြီး ပြန်လည်ပို့ပေးထားတဲ့ အသံဖိုင်နဲ့ မိုးအောင်ရင်နဲ့ခင်မြတ်နိုးတို့ နှစ်ဦးတို့ ပြောဆိုထားတဲ့ အသံဖိုင်များကို သက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။
“သက်သေခံအနေနဲ့ Cele Gabar မှာစွပ်စွဲထားတဲ့ဟာကို တင်တယ်။ ပြန်တောင်းပန်ထားတယ်ဆိုတဲ့ အသံဖိုင်တင်တယ်။ ဒါပါပဲ။ ရုံးကတော့ လက်ခံခဲ့ပါတယ်။ သူတို့လည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတော့ မပြောတတ်ဘူး” လို့ ခင်မြတ်နိုးက ပြောပါတယ်။
သက်သေများကို နှစ်ဖက်ရှေ့နေများနဲ့ တရားသူကြီးရှေ့မှောက်မှာ တင်သွင်းပြီးနောက် စွပ်စွဲခံရသူ မိုးအောင်ရင်ရဲ့ ရှေ့နေဘက်မှ မေးမြန်းများပြန်လည်မေးမြန်းခဲ့ပြီး အဆိုပါအမှုအား ကာမလိမ်လည်မှုမမြောက်ဘူးလို့ သုံးသပ်ခဲ့တဲ့ အပေါ်မှာလည်း ခင်မြတ်နိုးက အခုလို ပြောခဲ့ပါတယ်။
“မကျေနပ်ဘူး။ လုံးဝ မကျေနပ်ဘူး။ တကယ်တမ်း သူတို့ မေးခွန်းထဲမှာဆိုရင် ထုံးတမ်းစဉ်လာအရ လင်မယားဖြစ်တယ်လို့ သူတို့ပြောတယ်။ တကယ်တမ်းဆိုရင် အတွဲတွေအကုန်လုံးလည်း လက်မှတ်မထိုးဘဲ လင်မယားဖြစ်နေမှာပေါ့။ စာရွက်စာတမ်းနဲ့ အတိအကျ လက်မှတ်ထိုးထားမှသာ အကြင်လင်မယား မြောက်တယ်ပေါ့နော်။ ဥပဒေ ရှိတယ်လေ။ ကျမကတော့ အဲ့ဥပဒေပဲ သိတယ်။ ကျန်တာတော့ မသိပါဘူး” လို့ ခင်မြတ်နိုးက ပြောပါတယ်။
နှစ်ဖက်မိဘမှ သဘောတူကြည်ဖြူမှုဖြင့် အတူတကွ နေထိုင်ခဲ့သော်လည်း စာချုပ်စာတမ်းအရ လက်ထပ်ထားခြင်း မရှိဘဲ အတူနေထိုင်ပြီးမှ လက်ထပ်ပေါင်းသင်းခြင်း မရှိတာကြောင့် အခုလို ကာမလိမ်လည်မှုဖြင့် မိုးအောင်ရင်အား တရားစွဲဆို ရခြင်းဖြစ်တယ်လို့ ခင်မြတ်နိုးက ပြောပါတယ်။
တရားလိုဖြစ်သူ ခင်မြတ်နိုးကိုတော့ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး ၂ ပတ်လျှင် ၁ ကြိမ်နှုန်းဖြင့် ရုံးချိန်း ၃ ချိန်း ချိန်းဆိုကာ တရားလိုဘက်အခြမ်းကို အပြီးသတ် စစ်ဆေးသွားမှာပဲဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“မိုးအောင်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့တယ်”လို့ ခင်မြတ်နိုး ပြော
မိုးအောင်ရင်တို့ အမှုအား အချိန်တိုအတွင်း အပြီးသတ် စစ်ဆေးသွားမည်
“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော