Crime

တရားရုံးက သမ္မာန်စာပို့ထားပေမယ့် လိပ်စာမှားလို့ နေဒွေးဆီ မရောက်

ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်က ဥပဒေပုဒ်မ ၃၂၃ သာမန်နာကျင်စေမှုဖြင့် တရားစွဲဆိုထားတဲ့ နေဒွေးကိုတော့ တရားရုံးချိန်းကိုလာရောက်ရန်အတွက် သမ္မာန်စာဖြင့်ဆင့်ခေါ်ခဲ့ပေမယ့် တရားလိုဖြစ်သူပေးထားတဲ့ လိပ်စာမှားနေတာ ကြောင့် မရောက်ခဲ့ဘူးလို့ တာမွေမြို့နယ်တရားရုံးရဲ့ သတင်းနဲ့ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးကပြောပါတယ်။

“နေဒွေးဆီကို သမ္မာန်စာ ၁လပိုင်း ၂၄ရက်နေ့က မြောက်ဒဂုံတရားရုံးကနေတဆင့် စာတိုက်ကနေပို့ခဲ့တယ်။ ၃၀ရက်နေ့မှာ လိပ်စာမှားတယ်ဆိုပြီး ပြန်လာတယ်” လို့ ဦးဝင်းဇော်ဦးကပြောပါတယ်။

အဆိုပါ စွပ်စွဲခံရသူရဲ့လိပ်စာကိုတော့ တရားလိုဘက်မှ ပေးတာမှားနေခြင်းဖြစ်ပြီး ယနေ့တာမွေတရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာတော့ လိပ်စာအသစ်ပြန်တင်ခဲ့တယ်လို့ သိရပါတယ်။

“တရားလိုပေးတဲ့လိပ်စာမှားတာ။ ကျနော်တို့ စီရင်ပိုင်ခွင့်ရှိတဲ့မြို့နယ်ထဲမှာ မရှိတော့ စီရင်ပိုင်ခွင့်မြို့နယ်ဖြစ်တဲ့ မြောက်ဒဂုံ တရားရုံးကနေ သူ့လိပ်စာကိုပို့လိုက်တယ်။ မြောက်ဒဂုံတရားရုံးက သူ့လိပ်စာမှာ ကိုနေဒွေးမရှိပါဘူးဆိုပြီး ပြန်လာတယ်။ ဒီရုံးချိန်းမှာတော့ သူ့လိပ်စာအသစ်တင်ထားတယ်” လို့ သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးကပြောပါတယ်။

အဆိုပါ သံစဉ်မောင်တိုင်ကြားထားတဲ့ တရားစွဲဆိုမှုအမှုတွဲကိုတော့ ခရိုင်ရုံးမှအမှုတွဲယူသွားပြီး အမှုတွဲယူသွားစဉ် အတွင်းလည်း သမ္မာန်စာကို ထပ်ဆင့်ပို့ပေးဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“အမှုတွဲကတော့ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၇၅/၂၀၂၀ နဲ့ ၂လပိုင်း ၁၃ရက်နေ့က ခရိုင်ရုံးက အမှုတွဲတောင်းခေါ်သွားတယ်။ အမှုတွဲတောင်းခေါ်စဉ်အတွင်း ကျနော်တို့က ဒီသမ္မာန်စာကို ထပ်ဆင့်ပို့ပေးရမယ်။ ကျနော်တို့ဆီမှာ အငှားစာရွက် ကျန်ခဲ့တယ်။ အကယ်၍သူတက်တဲ့အတိုင်း အောင်မြင်ရင်တော့ တမျိုးဖြစ်ရင်ဖြစ်မယ်။ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကတော့ ကျနော်လည်းပြောလို့မရဘူး” လို့ ဦးဝင်းဇော်ဦးကပြောပါတယ်။

နေဒွေးကတော့ တရားစွဲဆိုထားစဉ်အတွင်း ရုံးချိန်းသို့လာရောက်ခြင်းမရှိသေးဘဲ သမ္မာန်စာဖြင့်ခေါ်ယူပါက လာရမှာဖြစ်တယ်လို့ မီဒီယာများရဲ့မေးမြန်းမှုကိုဖြေဆိုထားပါတယ်။

သရုပ်ဆောင် သံစဉ်မောင်က တာမွေမြို့နယ် တရားရုံးမှာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးအား ဥပဒေပုဒ်မ ၃၂၃ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ မတ်လ ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

You may also like these stories:

“သက်သေ အခိုင်အလုံရှိလို့ အခုအချိန်မှာ လူရှေ့ထွက်ပြီး အလုပ်လုပ်နေတာ”လို့ နေဒွေး ပြော

“သက်သေအတု မလုပ်တတ်ဘူး”လို့ သံစဉ်မောင် ပြော

“ဘယ်သူတွေ တိုက်ခိုက်တိုက်ခိုက် ပြုံးပြုံးလေးပဲ နေတယ်”လို့ နေဒွေး ပြော

Loading