တနင်္သာရီတိုင်း၌ COVID-19 ကာလအစိုးရ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ဖောက်ဖျက်ကာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ ဘုန်းကြီးပျံ ကျင်းပခဲ့သူများ အပါအဝင် မြိုတ်မြို့၌ မင်္ဂလာအခမ်းအနား ကျင်းပခဲ့သူများကို ငွေဒဏ် အသီးသီး ချမှတ်ကြောင်း သိရသည်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဆင်သေရွာမှ သက်တော် ၈၃နှစ်၊ သိက္ခာတော် ၆၃ဝါရှိ သာသနပါလ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမေဓါ မထေရ်မြတ်၏ အန္တိမဈာပနကို သံဃာတော်များနှင့် ဘုရား ဂေါပကများနှင့် ဒကာ၊ ဒကာမများ အပါအဝင် လူဦးရေ ၂၀၀ ကျော် ဧပြီလ ၁၂ ရက်က လိုက်ပါ ပို့ဆောင်ခဲ့သဖြင့် ထိုဈာပနကို ဦးဆောင်ခဲ့သည့် ဘုရား ဂေါပကအား တရားစွဲခဲ့ခြင်း ဖြစ်သည်။
တိုင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး ဦးကျော်မင်းက“ရေဖြူ ဘုန်းကြီးပျံ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးက ပုဒ်မ ၁၈၈ နဲ့ တရားစွဲပြီးတော့ လောလောဆယ် တော့ ဒဏ်ငွေ ၁ သိန်း နဲ့ ဘုန်းကြီးပျံပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ဘုရားဂေါပက အဖွဲ့ဝင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးကိုတော့ အရေးယူ ဆောင်ရွက် ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ လူစုလူဝေး ဖြစ်စေသော အခမ်းအနားများ မလုပ်ရဟု အမိန့်ထုတ်ထားသည့်ကြားမှ မတ်လ ၂၃ ရက်က မြိတ်မြို့တွင် မင်္ဂလာပွဲ ကျင်းပခဲ့သဖြင့် ပွဲကျင်းပသူများကို အရေးယူမှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီး ဦးကျော်မင်းက“မြိတ် မင်္ဂလာဆောင်က ငွေဒဏ် ၅ သောင်း ငွေဒဏ်ချမှတ်ထား ပါတယ်” ဟု ပြောသည်။
ထိုမင်္ဂလာပွဲသို့ ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဧပြီလ ၉ ရက်က စစ်ဆေး အတည်ပြုခဲ့သည့် Case-25 လူနာသည် တက်ရောက် တည်းခိုခဲ့သဖြင့် ဟိုတယ်ကိုလည်း Lock Down ချခဲ့ပြီး ဟိုတယ် ဝန်ထမ်းများနှင့် မိသားစုဝင်များကိုလည်း Quarantine ပို့ထားခဲ့ရသည်။
ထို့ပြင် မြိတ်မြို့တွင်လည်း COVID-19 ကာလအတွင်း လူစုလူဝေး မဖြစ်စေရန်အတွက် KTV ဆိုင်များအား ဒေသန္တရ အမိန့် ဖြင့် ပိတ်ထားရမည် ဖြစ်သော်လည်း တရားမဝင် ဖွင့်လှစ်ခဲ့သည့် KTV ဆိုင် ၃ ဆိုင်ကိုလည်း အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
တချို့သော ပြည်နယ်နှင့် တိုင်းများတွင် ဒေသန္တရအမိန့် ချိုးဖောက်သူများကို ထောင်ဒဏ် အပြစ်ပေးကြသော်လည်း ယခု ကဲ့သို့ တနသာၤရီတိုင်းအတွင်း အမိန့် ချိုးဖောက်သူများကို ငွေဒဏ်သာ ချမှတ်မှုအပေါ် ပြည်သူများက ဝေဖန်ခဲ့ကြသည်။
မြိတ်မြို့ဒေသခံ ကိုအောင်အောင်က “ဒီအတိုင်းဆို ပုဒ်မ၁၈၈ လည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ဥပဒေဆိုတာ လိုသလို သုံးဖြစ်နေပြီလား။ ငွေဒဏ်လောက်နဲ့ ပြီးတယ်ဆိုတော့ အမိန့်ဖောက်ဖျက်ပြီး ဒဏ်လေး ဆောင်နေကြမှာပေါ့” ဟု ပြော သည်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန်ကြေညာသော အမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
ထိုအကြောင်းနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးကျော်မင်းက“ဒါတွေက တရားရုံးရဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ကျနော်တို့က ကန့်ကွက်လို့လည်း မရဘူး။ ပြောဆိုပိုင်ခွင့်လည်း မရှိဘူး” ဟု ပြောဆိုသည်။
COVID-19 ရောဂါပိုးသည် လူတဦးမှ အခြား လူတဦးသို့ ကူးစက်ခြင်းသည် ထိတွေ့မှုကြောင့် အများဆုံး ဖြစ်သည်ကို နိုင်ငံ တိုင်းက တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထိုရောဂါ မဖြစ်ပွားစေရန် လူအများနှင့် ထိတွေ့မှု မဖြစ်ပေါ်စေရန် အတွက် ပြည်သူများ နေအိမ်ပြင်ပ မထွက်ကြရန် အစိုးရက ဧပြီလ ၅ ရက်တွင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုရောဂါပိုးနှင့် ထိတွေ့မှု တတ်နိုင်သမျှ နည်းသွားစေရန် အတွက် ပြည်သူများ အနေဖြင့် လူစုလူဝေးဖြစ်စေမည့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန်၊ ဘာသာရေးနှင့် ဆက်နွယ်သော လူမှုရေးဆိုင်ရာ အခမ်းအနားများကို ကန့် သတ်ရခြင်း ဖြစ်ကြောင်းလည်း ရှင်းပြထားသည်။
ပုံမှန်/အပတ်စဉ် ဆောင်ရွက်လျက် ရှိသော ဘာသာရေးဆိုင်ရာ ကိစ္စများကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါက လူဦးရေ အနည်းဆုံးဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်ရမည်ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့က မတ်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါ သတိပေး တားမြစ်ချက်အား မလိုက်နာသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့စည်းမဆို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ အရ လည်းကောင်း၊ အခြား တည်ဆဲဥပဒေ တရပ်ရပ်ဖြင့်လည်းကောင်း အရေးယူသွားမည်ဖြစ်ပြီး အဆိုပါ အမိန့် ထုတ်ပြန်သည့်နေ့မှ စ၍ နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မခြင်း ဒေသန္တရအမိန့်မှာ အတည်ဖြစ်သည်ဟု လည်း ဖော်ပြထားသည်။
တနသာၤရီတိုင်း အတွင်း အမိန့်ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးကျော်မင်းက“လတ်တလော အခြေအနေအရ နည်းနည်းကြီးတဲ့ အမှုက ၇ မှု ရှိတယ်။ အဲဒီအထဲမှာမှ ညမထွက်ရ အမိန့် ဖောက်ဖျက်တဲ့အမှုက ၁၀၀ နီးပါးရှိပြီ။ မနေ့က အထိက ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့သူက ၈၉ ဦး အထိ ရှိပြီ” ဟု ပြောသည်။
တနသာၤရီတိုင်း ဒေသကြီး တခုလုံးတွင် ခရိုင် ၃ ခု ရှိပြီး မြို့နယ် ၁၀ ခု ရှိကာ လူဦးရေအားဖြင့် ၁၄ သိန်း ၃ သောင်းကျော် ရှိကြောင်း၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။
COVID-19 ကာလအတွင်း မေလ ၁၁ ရက်အထိ ကောက်ခံထားသည့် စာရင်းအရ တနသာၤရီတိုင်း တခုလုံးတွင် Quarantine ဝင်နေသည့် ပြည်ပနိုင်ငံများမှ ပြန်လာသူ ၄၅၂၆ ဦး၊ပြည်တွင်းမှ ပြန်လာသူ ၂၀၈၈ ဦး ရှိသည့် အနက်မှ ပြန် လည်စေလွှတ်သူ ၅၅၄၇ ဦး ရှိကြောင်း တနသာၤရီတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
လူစုလူဝေးဖြင့် ကျင်းပခဲ့သည့် ရေဖြူက ဘုန်းကြီးပျံပွဲ တိုင်းအစိုးရမှ အရေးယူမည်
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံရ