Crime

သီရိလင်္ကာမှာ ငွေပေးဝေစဉ် လူအုပ်ပြိုပြီး လူသေဆုံးမှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးလုပ်ငန်းရှင်တဦးက လူတဦးကို သီရိလင်္ကာရူပီးငွေ ၁၅၀၀ (မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်) ကို မေ ၂၁ ရက်နေ့က ကိုလံဘိုမြို့မှာ ပေးဝေခဲ့ပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းရှင်ရဲ့ ဂိုဒေါင်အပြင်ဘက်မှာ ငွေပေးဝေမှုရရှိနိုင်ဖို့ လူဦးရေ ၁၀၀၀ ကျော်က စုပြုံတန်းစီခဲ့ကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်က အခုရက်သတ္တပတ်မှာ ဥပုသ်လပြီးဆုံးမယ့် အီးဒ်နေ့အတွက် ငွေပေးဝေခဲ့တာဖြစ်ကြောင်း ဒေသခံ လွှတ်တော်အမတ် Mujibur Rahman က ပြောပါတယ်။

ပေးဝေခဲ့တဲ့ ငွေပမာဏဟာ သီရိလင်္ကာမှာ နေ့စား အလုပ်ကြမ်းသမားတဦးရဲ့ တနေ့တာ လုပ်အားခနဲ့ညီမျှတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ရဲ့ ဂိုဒေါင်တံခါးဖွင်လိုက်ချိန်မှာ တန်းစီးနေတဲ့ လူအုပ်စုက စုပြုံတိုးဝှေ့မှုတွေ ဖြစ်လာခဲ့ကြောင်း Mujibur Rahman က AFP သတင်းဌာနကို ပြောပါတယ်။

“တန်းစီနေရာကနေ အနောက်က စုပြုံတိုးဝှေ့ကြတော့ လူတန်းရဲ့ရှေ့ဆုံးနေရာမှာ ရောက်နေခဲ့တဲ့ အမျိုးသမီးတွေ လဲကျသွားပြီး သေတဲ့အထိ အနင်းခံခဲ့ကြရပါတယ်”လို့ လွှတ်တော်အမတ် Mujibur Rahman က ဖြစ်စဉ်ကို ရှင်းပြပါတယ်။ လူအုပ်လဲပြိုမှုအတွင်း အခြား ၉ ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

အခုလို ငွေပေးဝေမှုကို ဆယ်စုနှစ်များကြာ နှစ်စဉ် ပြုလုပ်လာခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ပုံမှန်ထက် ပိုမိုများပြားတဲ့ လူအုပ်စုဖြစ်ပေါ်ခဲ့တယ်လို့ လွှတ်တော်အမတ်က ဆိုပါတယ်။

“မတ် ၂၀ ရက်နေ့ကစပြီး Lockdown လုပ်ထားတာကြောင့် လူတွေက ဝင်ငွေ မရှိကြတာ ၂ လကြာပြီ။ လူတွေက ကြံရာမရဖြစ်နေကြတယ်။ ဒီနေ့ ငွေပေးဝေမယ့်သတင်းကြားချိန်မှာ လူ ၁၀၀၀ ကျော်လောက် ရောက်လာခဲ့ကြတယ်”လို့ Mujibur Rahman က ပြောပါတယ်။

သီရိလင်္ကာမှာ COVID-19 ကပ်ရောဂါထိန်းချုပ်ရေး Lockdown ကာလအတွင်း စီးပွားရေးထိခိုက်မှုတွေ တွေ့ကြုံနေရပြီး အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေအခက်အခဲ ကြုံနေရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်နဲ့ သူ့ရဲ့လက်ထောက် ၅ ဦးကို Lockdown စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ကိုလံဘိုရဲတပ်ဖွဲ့ အကြီးအကဲ Deshabandu Tennakoon က သတင်းထောက်တွေကို ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အမည်နဲ့ အချက်အလက်တွေကိုတော့ အာဏာပိုင်တွေ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

သီရိလင်္ကာမှာ အစိုးရက အခုလအတွင်း ဆင်းရဲတဲ့ မိသားစု ၅ ဒဿမ ၁၄ သန်းကို ရူပီး ၅၀၀၀ (မြန်မာကျပ်ငွေ ၃၇,၀၀၀ ကျော်) ထောက်ပံ့ငွေ ပေးခဲ့ရာမှလည်း ကျေးရွာတွေမှာ အလားတူ ဝရုန်းသုန်းကား ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

သီရိလင်္ကာရဲ့ အခြား နေရာတွေမှာ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ ရုပ်သိမ်းခဲ့ပြီးဖြစ်ပေမဲ့ ကိုလံဘိုမြို့တော်နဲ့ အနီး ပတ်ဝန်းကျင် ခရိုင်တွေကို Lockdown လုပ်ထားဆဲ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ မေလ ၂၂ရက်နေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၁,၀၄၅ ဦး၊ သေဆုံးသူ ၉ ဦးနဲ့ ပြန်လည်သက်သာသူ ၆၀၄ ဦးရှိကြောင်း စာရင်းတွေ အရ သိရပါတယ်။

Ref. Reuters, AFP

You may also like these stories:

မလေးရှားမှာ Quarantine ဝင်သူတိုင်း ပိုက်ဆံ ကျခံရမည်

Thai Airways ကို ဒေဝါလီမခံစေဘဲ ပြန်ဖွဲ့စည်းမည်

ဆိုင်ကလုန်းဝင်မယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသန်းချီကို ရွှေ့ပြောင်းထား

Did you find apk for android? You can find new Free Android Games and apps.
Loading