ဂျပန်နိုင်ငံ၊ တိုကျိုမှာ ၃ နှစ်အရွယ် ကလေး သေဆုံးမှုအတွက် မိခင်ဖြစ်သူကို ဖမ်းဆီးလိုက်ပါတယ်။ အရွယ် မရောက်သေးတဲ့ ကလေးငယ်ကို ၁ ပတ်ကျော်လောက် အိမ်မှာ ဂရုမစိုက်ဘဲ ပစ်ထားတာကြောင့် အဆာလွန် သေဆုံးခဲ့မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ရဲဌာနက ထုတ်ပြန်ပါတယ်။
အသက် ၂၄ နှစ်အရွယ် မိခင်ဖြစ်သူ ဆာကီ ကာကီဟာရှီကလည်း ကျူးလွန်ကြောင်း ဝန်ခံလိုက်ပြီး သမီးလေး နိုအာကို နေ့စဉ်ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်တဲ့အပြင် နှိပ်စက်ထားခဲ့တာတွေ အတွက်ပါ ထပ်မံ စွဲဆိုခံရဖို့ ရှိနေပါတယ်။
ကာကီဟာရှီရဲ့ မိတ်ဆွေတဦးက “သူ နေ့တိုင်းတိုင်းလိုလို မနက်ဆို အပြင်ထွက်သွားပြီး ညမိုးချုပ်မှ အိမ်ပြန်လာတာပါ။ သမီးလေးကိုလည်း တနေကုန် ဂရုမစိုက်ဘဲ ပစ်ထားတတ်တယ်” လို့ ပြောပြသွားပါတယ်။ အလောင်းစစ်ဆေးချက်အရ သမီးငယ်လေးဟာ ရေဓာတ် အလွန်အကျွံ ခန်းခြောက်မှုနဲ့ ဆာလောင်တဲ့ ဒဏ်တွေကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိခင်ဖြစ်သူ ကာကီဟာရှီဟာ ဇွန်လ အစောပိုင်းကစပြီး သမီးငယ်လေးကို အိမ်မှာပဲ တယောက်တည်း ရက်အတော်ကြာ ပစ်ထားခဲ့ပြီး သူ့ရဲ့ ချစ်သူ နေထိုင်ရာ ကာဂိုရှီးမားကို အမြဲသွားနေခဲ့တယ်လို့ စုံစမ်းဖော်ထုတ်ချက်တွေအရ သိရပါတယ်။
ကာကီဟာရှီရဲ့ ပြောပြချက်အရ တိုကျိုက သူနေထိုင်ရာ တိုက်ခန်းမှာ သမီးငယ်လေး အဆင်ပြေမယ် ထင်ပြီး တယောက်တည်း ထားခဲ့လေ့ရှိတယ်လို့ ဆိုပါတယ်။ ကာကီဟာရှီဟာ ၂၀၁၇ ခုနှစ်မှာ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ကွာရှင်းပြီးကတည်းက နိုအာနဲ့အတူ အဆိုပါ တိုက်ခန်းမှာ နေထိုင်ခဲ့ပါတယ်။
ဇွန် ၁၃ ရက်နေ့က နိုအာလေး အသက်မရှူတော့တာကြောင့် အရေးပေါ်ဌာနကို သူကိုယ်တိုင် အကြောင်းကြားခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သမီးငယ်လေးမှာ နှိပ်စက်ခံရသူတွေ ဒါမှမဟုတ် လျစ်လျူရှုခံရသူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ရှိနေပြီး အစာအိမ်မှာလည်း အစာ လုံးဝနီးပါး မစားထားတာကိုပါ တွေ့ခဲ့ပါတယ်။
သူတို့ သားအမိ နေထိုင်ရာ အခန်းထဲမှာ အမှိုက်တွေနဲ့ ပေပွနေသလို၊ နိုအာကိုလည်း အချိန်အတော်ကြာ သေးခံ အဝတ် Diaper မလဲထားတာမျိုးတွေ ရှိပါတယ်။ မဖမ်းဆီးခင် မိခင်ဖြစ်သူ ကာကီဟာရှီကို မေးမြန်းခဲ့စဉ်မှာ မသေဆုံးခင်က ရက်အတော်ကြာ နိုအာ နေမကောင်းဖြစ်နေပြီး ပိုက်ဆံ မတတ်နိုင်တာကြောင့် ဆေးခန်း မသွားဖြစ်ခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ်။
Ref: Japan Times
You may also like these stories:
Cheerleader နေရာမှာ စက်ရုပ်တွေ အစားထိုးခဲ့တဲ့ ဂျပန်ဘေ့စ်ဘောအသင်း
ဂျပန်တောင်ပိုင်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်ပြီ