ဂျပန်နိုင်ငံမှာ ကိုဗစ်ကာလအတွင်း စိတ်ဖိစီးမှုတွေကြောင့် စိတ်ကျန်းမာရေး ထိခိုက်ကာ ကိုယ့်ကိုယ်ကို သတ်သေနှုန်း မြင့်တက်နေပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ အမြင့်ဆုံးအဖြစ် သြဂုတ်လက အရေအတွက်အများဆုံး ဖြစ်နေခဲ့တာပါ။
စီးပွားရေး ကျဆင်းလာတာကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုများလာသလို၊ ငွေကြေး အခက်အခဲ၊ လူမှုဘဝပုံစံ ပြောင်းလဲမှု၊ ချစ်ခင်ရသူတွေနဲ့ ဝေးကွာရခြင်း စတဲ့အကြောင်းရင်းတွေကလည်း လူတယောက်ကို စိုးရိမ်ကြောင့်ကြ စိတ်တွေနဲ့ စိတ်ဓာတ် ကျဆင်းစေပါတယ်။
ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ တလတည်းမှာတင် နိုင်ငံတဝှမ်း ကိုယ့်ကိုယ်ကို သတ်သေသူ ၁,၈၄၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနှုန်းဟာ မနှစ်ကထက်စာရင် ၁၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာတာပါ။
ကိုယ့်ကိုယ်ကို သတ်သေသူ အရေအတွက် အများဆုံးကတော့ အမျိုးသမီးတွေဖြစ်ပြီး မနှစ်ကထက် ၁၈၆ ယောက် ပိုများလာကာ အမျိုးသားတွေကတော့ အယောက် ၆၀ ကျော် ပိုများလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်သေမှုနှုန်း အမြင့်ဆုံးဒေသကတော့ မြို့တော်တိုကျို ဖြစ်ပြီး မနှစ်ကထက် ၆၅ ယောက် ပိုများကာ စုစုပေါင်း ၁၁၉ ယောက်ထိ ရှိပါတယ်။ တိုကျိုမြို့အနီးနားက Kanagawa, Chiba နဲ့ Saitama မှာလည်း အယောက် ၁၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက်အကြီးဆုံးမြို့တော် Nagoya မှာလည်း ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်လာပါတယ်။
ကိုယ့်ကိုယ်ကို သတ်သေနှုန်းတွေ လျော့နည်းခဲ့တဲ့ ၂၀၁၉ ခုနှစ်ထက်စာရင် ၂၀၂၀ ခုနှစ်မှာ ပြန်လည်မြင့်တက်လာခြင်းရဲ့ အဓိကကတော့ COVID-19 ကပ်ရောဂါကာလ ကျပ်တည်းမှုတွေကြောင့် ဖြစ်တယ်လို့ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက တယောက်ချင်းစီ စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးပေးနိုင်မယ့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒါ့ကြောင့်လည်း ဥပမာ-သင်ဟာ တိုကျိုမြို့ပေါ်မှာ နေထိုင်သူဖြစ်ရင် စိတ်ဓာတ်ကျနေတဲ့အခါ TELL အဖွဲ့အစည်းကို အင်္ဂလိပ်ဘာသာစကားနဲ့ပါ အခမဲ့ဖုန်းဆက် ဆွေးနွေးတိုင်ပင်နိုင်သလို၊ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း မျက်နှာချင်းဆိုင် နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တယ်လို့ လမ်းညွှန်ပေးထားပါတယ်။
Ref: Japan Today