Crime

စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ

Want create site? Find Free WordPress Themes and plugins.

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၈ ရက်နေ့အထိ ရက်ပေါင်း ၅၆ ရက်အတွင်း လက်နက် ကိုင်တို့၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၄၅၉ ဦး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

အဆိုပါ အရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူ ရရှိထား သည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ ယင်း အရေအတွက်ထက် ပိုများနေနိုင်သေးသည်ဟု AAPP က ဆိုသည်။

တကယ့်မြေပြင်အခြေအနေတွင် စစ်တပ်နှင့် ရဲက ပစ်ခတ်ပြီးနောက် ကောက်ယူသွားသဖြင့် ပျောက်ဆုံးနေသူ အလောင်းများ ရှိနိုင်သလို လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းအရ ရှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မီးသဂြိုဟ်စက်တွင် တောင်ကြီးဘက်မှ အလောင်းများကို စစ်ကားများဖြင့် သယ်ဆောင်ကာ လာရောက် သဂြိုဟ်ပြီး အလောင်းဖျောက်ဖျက်မှုများ ရှိကြောင်း ဒေသခံများထံမှသိရသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၅၆ ရက်အတွင်း ၂၅၅၉ ဦးမှာလည်း အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင် ထားခြင်း ခံနေရသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ၊ လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာတွင် ကလေးငယ်များကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်ဖြတ်လာနေပြီး မတ် ၂၇ ရက်နေ့အထိ အရွယ်မရောက်သေးသည့် ကလေးသူငယ် ၂၉ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ကလေးငယ်များကို အိမ်ထဲထိ ဝင်ရောက်ပစ်သတ်ခြင်း၊ ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မပေးဘဲ ဖမ်းဆီးခေါ်ဆောင် သွား၍ သေဆုံးသွားခဲ့ခြင်း၊ သက်သေဖျောက်သည့် အနေဖြင့် ရုပ်အလောင်းကို လုယူသွားခြင်း၊ မိသားစုထံ ပြန်လည်အပ် နှံမှု မရှိခြင်း၊ မိန်းကလေးများ အပါအဝင် ဖမ်းဆီးထားသူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ ပြည်သူပိုင်/အများပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လုယက်ယူဆောင်ခြင်းများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။

စစ်မြေပြင် မဟုတ်ဘဲ ကျည်အစစ်များသာမက စက်သေနတ်များ၊ လက်ပစ်ဗုံးများကိုပါ အသုံးပြုလာပြီး မြန်မာပြည်အနှံ့ အကြမ်းဖက် ဖြိုခွင်းခြင်း ခံထားရသော နေရာများသည် စစ်တလင်းများသဖွယ် ဖြစ်နေသည်။

မတ် ၂၇ ရက် ညပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များက မန္တလေးမြို့မှ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရုံ သာမက ဒဏ်ရာ ရရှိထားသည်ကို ဆွဲသွားကာ မီးရှို့ထားသော တာယာကွင်းများအတွင်းသို့ ပစ်သွင်း၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။

“ယင်းလုပ်ရပ်ဟာ အလွန်အမင်း ထိတ်လန့်ဖွယ်ရာဖြစ်ပြီး စစ်အုပ်စုရဲ့ နည်းပရိယာယ်တွေအနက် ပြည်သူတွေ အကြောက် တရားတွေ စိမ့်ဝင်လာစေဖို့ ဖန်တီးလာခြင်း ဖြစ်တယ်” ဟု AAPP က ဆိုသည်။

အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး ပစ်သတ်မှုအဖြစ် စံချိန်တင်ခဲ့သည့် မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့တွင် စစ်ကောင်စီသည် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ကျင်းပနေချိန် ၎င်း၏ လက်နက်ကိုင်အဖွဲ့က နိုင်ငံတဝှမ်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် အရပ်သား ၁၀၀ နီးပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ယင်းနေ့တွင် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၄၀ ထက်မနည်းကို အကြမ်းဖက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးသူငယ် ၅ ဦးပါ သေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါက မြန်မာ့တပ်မတော်သည် ပြည် သူများကို စောင့်ရှောက်ရမည့်အစား တပ်မတော်နေ့တွင် ပြည်သူများကို သတ်ဖြတ်နေသည်ဟု ရှုတ်ချ ပြောဆိုခဲ့သလို၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနိုင်ငံများမှ ကာကွယ်ရေး ဦးစီးချုပ်များကလည်း ကန့်ကွက် ရှုတ်ချခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂကလည်း မတ်လ ၂၇ ရက်၊ ၇၆ ကြိမ်မြောက် တပ်မတော်နေ့ကို အကြမ်းဖက်နေ့၊ ဂုဏ်ကျက်သရေ ညှိုးနွမ်းဖွယ်ရာ နေ့တနေ့အဖြစ် ထာဝရ မှတ်ကျောက်တင်နေတော့မည် ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ကုလသမဂ္ဂ အထူးသံတမန် ဒေါက်တာဆာဆာကလည်း ယင်းနေ့ကို စစ်တပ်အတွက် ရှက်ဖွယ်လိလိ ဂုဏ်သိက္ခာ ကင်းမဲ့သည့်နေ့ဟု သမုတ်ခဲ့သည်။

ထို့ပြင် ၎င်းက “နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော် မေးပါမည်။ သင်တို့က လက်တွေ့ အရေးယူဆောင်ရွက်နိုင်ရန် အတွက် ဘာတွေကိုများ ထပ်မြင်ရဖို့ လိုပါသေး သလဲ။ တဖြည်းဖြည်းချင်း တဆင့်ချင်းသာ တုန့်ပြန်နေရာမှ အမှန်တကယ် အရေးယူ ဆောင်ရွက်ချက်အဖြစ် ပြောင်းလဲသွားရန် ကျနော်တို့ နောက်ထပ် ဘယ်နှစ်ယောက်များ ထပ်ပြီး သေကြရအုံးမှာ ပါလဲ” ဟု ပြောဆို မေးခွန်းထုတ်ခဲ့သည်။

စစ်ကောင်စီနှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့များကတော့ နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများ၊ ကန့်ကွက်ရှုတ်ချမှုများ၊ တောင်း ဆိုမှုများအပေါ် လုံးဝ ဂရုစိုက်ခြင်းမရှိဘဲ လက်နက်မဲ့ ပြည်သူများအပေါ် ဗြောင်ကျကျ ဆက်လက် ကျူးလွန်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ကြိမ် ရှိခဲ့ပြီး ပထမဆုံးအကြိမ် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းစဉ် ထိုနေ့က သမ္မတဟောင်း စဝ်မီမီသိုက် သေဆုံးခဲ့ရပြီး နောက်ပိုင်း ဇူလိုင်လ ၇ ရက်နေ့တွင် ဖြစ်ပွားသည့် ကျောင်းသားအရေးအခင်းတွင်မူ ကျောင်းသားများ ရာနှင့် ချီသေဆုံးခဲ့ရသော်လည်း တော်လှန်ရေးကောင်စီက ၁၇ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ ၁၉၈၈ကလည်း လူထုဆန္ဒပြမှုများကို စစ်တပ်က ပစ်ခတ်ရာ လူထောင်ချီသေဆုံးသော်လည်း ၃၃၉ ဦးသာ သေဆုံးကြောင်း စစ်တပ်ကထုတ်ပြန်သည်။

ယခု တတိယအကြိမ် အာဏာသိမ်းမှုတွင် ပင်မမီဒီယာများ အားကောင်းသလို လူမှုကွန်ရက် ဆိုရှယ်မီဒီယာလည်း အားကောင်းသည့် အတွက် စောင့်ကြည့်လေ့လာသူများကြောင့် သေဆုံးသူများ၊ အဖမ်းခံရသူများ၊ ဒဏ်ရာရသူများ အကြောင်းကို တင်ပြနိုင်သည့်အတွက် ယခုအခါ သေဆုံးစာရင်းသည် အချိန်နှင့် မဆိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

You may also like these stories:

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ဖမ်းဆီးခံရ

စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ

မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading