စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်တွင် ရက်စက်ကြမ်းကြုတ်မှုများကို အရှိန်မြှင့်တင်လိုက်ပြီး အရပ်သားများကို အငြင်းပွားဖွယ် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်းနှင့် လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းများကို လုပ်ဆောင်လာသည်။
လူနေရပ်ကွက်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ အမြောက်ဖြင့်ပစ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခြင်းတို့ကိုလည်း ယခုနှစ်အတွင်း ပိုမိုပြုလုပ်လာသည်။
လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်မှ ယခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ စစ်ကောင်စီသည် လူပေါင်း ၂,၆၄၁ ဦးကိုသတ်ပြီး ရွေးကောက်ခံခေါင်းဆောင်များ အပါအဝင်လူပေါင်း ၁၆,၅၉၂ ဦးကို ဖမ်းဆီးထားသည်။
၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀ ခုကို ဧရာဝတီသတင်းဌာနက စာရင်းပြုစုထားသည်။
ခင်ဦးမှ ပြည်သူ ၁၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော် ကျေးရွာတွင် ခုခံတော်လှန်ရေးသမား ၁၁ ဦးနှင့် အရပ်သား သုံးဦးကို စစ်ကောင်စီတပ်များက မတ်လ ၁၀ ရက်နေ့တွင် ပစ်သတ်ခဲ့သည်။
ကျေးရွာကာကွယ်ရေးတပ်မှ အဖွဲ့ဝင် ၁၁ ဦးကို အပြန်အလှန် ပစ်ခတ်စဉ် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်သည်။
ဖမ်းဆီးထားသော ကျွန်းလယ်ကျေးရွာသား သုံးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။
ရေဦးမှ ကျေးရွာသား ၂၉ ဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးထားသူ စုစုပေါင်း ၂၉ ဦးကို မေလ ၁၁ ရက်နေ့တွင် သတ်ဖြတ်လိုက်သည်။
ထိုကျေးရွာကို စစ်ကောင်စီတပ်အင်အား ၂၀၀ နီးပါး ဝင်ရောက်စီးနင်းပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် ပိတ်မိနေသော ရွာသား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
နောက်တနေ့တွင် စစ်ကောင်စီသည် အမျိုးသမီးများ၊ ကလေးများနှင့် အသက် ၆၀ ကျော် အမျိုးသားအချို့ကို လွှတ်ပေးသည်။
သို့သော် ရွာသား ၂၉ ဦးကို အုပ်စုများခွဲကာ သတ်ဖြတ်ပြီး စစ်သားများ မထွက်ခွာမီ အလောင်းများကို မီးရှို့သွားသည်။
ထိုစီးနင်းမှုအတွင်း ရွာအပြင်တွင် ဖောက်ခွဲရေးပစ္စည်း ပြင်ဆင်နေသည့် ခုခံတော်လှန်ရေးသမား နှစ်ဦးကိုလည်း စစ်ကောင်စီက သတ်ဖြတ်သည်။
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာကို စစ်ကောင်စီတပ်များ ဇူလိုင်လ ၁၈ ရက်နေ့တွင် တိုက်ခိုက်စဉ် မွတ်ဆလင်အများစုပါသော ဖမ်းဆီးထားသူ အနည်းဆုံး ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်။
ရဟတ်ယာဉ် နှစ်စီးမှချပေးသော စစ်သားများသည် ထိုကျေးရွာကို စီးနင်းတိုက်ခိုက်နေစဉ် MI-35 ရဟတ်ယာဉ်များက မွတ်ဆလင် အများစုပါသော လူဦးရေ ၅,၀၀၀ ခန့်ရှိ ထိုကျေးရွာကို ပစ်ခတ်သည်။
အိမ်ပေါင်း ၈၇၀ အနက် ၃၁၂ အိမ်ခန့်ကို စစ်ကောင်စီတပ်များက မီးရှို့လိုက်သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ထိုရွာကို ထပ်မံစီးနင်းတိုက်ခိုက်ပြီး အိမ် ၆၀၀ ခန့်နှင့် ဗလီတခုကို စစ်တပ်နှင့် ပျူစောထီး ခါးပိုက်ဆောင်တပ်များက လုယက်ပြီးနောက် မီးရှို့လိုက်သည်။
ယင်းမာပင် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရင်ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သောအခါ သက်ကြီးရွယ်အိုများနှင့် ကလေးတဦးအပါအဝင် အရပ်သား အနည်းဆုံး ၁၇ ဦး အသတ်ခံရသည်။
ရုရှားလုပ် MI-35 ရဟတ်ယာဉ်များက ကျေးရွာမှလူအုပ်တခုကို စက်သေနတ်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်ပြီးနောက် ရဟတ်ယာဉ်မှချပေးသော စစ်ကောင်စီ စစ်သား ၆၀ ခန့်က ရွာကိုဝင်ရောက်စီးနင်းသည်။ ရွာသားများသည် ချင်းပြည်နယ်မှ ခုခံတော်လှန်ရေးသမားများအတွက် ချက်ပြုတ်နေကြသည်ဟု ဆိုသည်။
စစ်သားနောက်ထပ် ၉၀ ခန့်ကို လေကြောင်းမှ အားဖြည့်ပြီးနောက် စစ်ကောင်စီတပ်များသည် ထိုရွာကို ဩဂုတ်လ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ သိမ်းပိုက်ထားသည်။
စစ်ကောင်စီတပ်များ ပြန်လည် ထွက်ခွာသွားသောအခါ အလောင်း ၁၇ လောင်းကို ဒေသခံများက ရှာဖွေတွေ့ရှိသည်။ ၎င်းတို့အနက် ၆ ဦးကို မီးရှို့သတ်ဖြတ်ထားခြင်း ဖြစ်သည်။
ဒီပဲယင်း စာသင်ကျောင်းတွင် ပြည်သူ ၁၃ ဦးကို သတ်ဖြတ်
စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ကျောင်းသား ၂၀၀ ခန့် ပညာသင်ယူနေသည့် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် ခြေလျင်တပ်များဖြင့် ဝင်ရောက်စီးနင်းသောအခါ ကလေးငယ် ၇ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးသည်။
ထိုကျောင်းတွင် ခုခံတော်လှန်ရေးသမားများ ရှိသည်ဆိုပြီးနောက် MI-35 ရဟတ်ယာဉ် နှစ်စင်းက ဗုံးကြဲတိုက်ခိုက်ပြီး ရွာကိုစီးနင်းရန် စစ်သားများကို ရဟတ်ယာဉ်ဖြင့် ချပေးသည်။
သတ်ဖြတ်ခံရသူအချို့ကို မြေပြင်တပ်များက ပစ်သတ်ခြင်းဖြစ်သည်။
ဖားကန့်ဂီတပွဲတွင် ၇၅ ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ ကျေးရွာမှ လေဟာပြင် ဂီတပွဲကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ် သုံးစင်းက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်သောအခါ ကျော်ကြားသော ကချင်ဂီတသမားများနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၇၅ ဦး သေဆုံးသည်။
ထိုဂီတပွဲသည် ကချင်လွတ်လပ်ရေး တပ်မတော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတပွဲ ဖြစ်သည်။
နောက်ထပ်လူပေါင်း ၆၀ ကိုလည်း ထိခိုက်ဒဏ်ရာရစေသော ထိုတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချကြသည်။
စစ်ကောင်စီက ဂီတသမားများ အပါအဝင် အရပ်သားများအား သတ်ဖြတ်ခြင်းကို ငြင်းဆိုပြီး KIA တပ်မဟာ ၉ ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကန့်ဘလူတွင် စစ်ဘေးရှောင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာ ၅ ရက်နေ့က စစ်ကောင်စီတပ်များသည် စစ်ဘေးရှောင်အရပ်သား အနည်းဆုံး ၁၄ ဦးကို သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့သည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ကိုးတောင်ဘို့ ကျေးရွာ၌ စခန်းချထားသော စစ်ကောင်စီတပ်သား ၆၀ ခန့်သည် ယခင် စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုများကြောင့် ဇီးကနားနှင့် ရှော်ဖြူကုန်းကျေးရွာများမှ အရပ်သား ၁၈ ဦး ခိုလှုံနေသော သစ်တောကို ဝင်ရောက်စီးနင်းပြီး ၎င်းတို့ကို ဖမ်းဆီးသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အနက် ၄ ဦးကို လွှတ်ပေးပြီး ကျန်သူများကို သတ်ဖြတ်လိုက်သည်။
ပုဏ္ဏားကျွန်းမှ ပြည်သူ ၉ ဦးကို သတ်ဖြတ်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စီးနင်းတိုက်ခိုက်သောအခါ သက်ကြီးရွယ်အိုများ အပါအဝင် လူအနည်းဆုံး ကိုးဦးကို ပစ်သတ်သွားသည်။
ထိုမတိုင်မီတရက်က အထက်ပါရွာအနီးတွင် စစ်ကောင်စီထရပ်ကားတစီး ရက္ခိုင့်တပ်တော် (AA) ၏ မြေမြှုပ်မိုင်း ထိခဲ့သည်။
စစ်ကောင်စီတပ်များသည် ရွာသားများကို သတ်ဖြတ်ပြီးနောက် နေအိမ် အနည်းဆုံး ၁၀ လုံးကို မီးရှို့လိုက်သည်။ အသက်အကြီးဆုံး သတ်ဖြတ်ခံရသူမှာ ၉၂ နှစ် ရှိပြီဖြစ်သည်။
မောင်တောတွင် အမြောက်ဖြင့်ပစ်သောကြောင့် ၁၁ ဦး သေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောတွင် အခြေချသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့က ထိုဒေသတွင် မည်သည့်တိုက်ပွဲမျှ မရှိဘဲ ဂြစ်ချောင်းကျေးရွာမှ ကလေးကင်ပွန်းတပ်ပွဲ လုပ်နေသည့် လူအုပ်ကို အမြောက်ဖြင့် ပစ်သည်။
အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးများအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးသည်။ အခြားသူ ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရသည်။
အစောပိုင်းရက်ကလည်း ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ အမှတ် ၅၃၉ ခြေလျင်တပ်က အမြောက်ဖြင့် ပစ်ခတ်သောကြောင့် အမျိုးသား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်။
အင်းတော်တွင် အရပ်သား ၈ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဖမ်းဆီးထားသည့် အသက်အရွယ်ကြီးရင့်သူ သုံးဦးအပါအဝင် ရှစ်ဦးကို စစ်ကောင်စီတပ်များက နိုဝင်ဘာလ နှောင်းပိုင်းတွင် သတ်ဖြတ်လိုက်သည်။
နတ်မဟုတ်ကြီးကျေးရွာမှ ထိုသတ်ဖြတ်ခံရသူများသည် အမှတ် ၃၀၁ ခြေလျင်တပ်ရင်းက နိုဝင်ဘာလ ၂၈ ရက်နေ့ စီးနင်းတိုက်ခိုက်မှု တခုအတွင်း ဖမ်းဆီးထားသူများ ဖြစ်သည်။
ဒေသခံများသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၎င်းတို့အလောင်းများကို ကမ်းနီ ကျေးရွာအနီး မြှုပ်နှံထားသည်ကို တွေ့ရသည်။
၎င်းတို့အနက် နှစ်ဦးအား လက်ကိုကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ကာ အခြားသူများကို ရိုက်သတ်ထားခြင်း ဖြစ်သည်။
You may also like these stories:
မြင်းခြံတွင် NLD ပါတီဝင်နှင့် ဒေသခံ ၁၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ
မိုက်မဲသော အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ ကျဆုံးရမည်
တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့