Environment

ဆေးဖက်ဝင် အပင်များနှင့် ရှားပါးမျိုးစိတ်များ မှီခိုရာ ကရင်ပြည်နယ်မှ ခီရှော့တာသစ်တော

Want create site? Find Free WordPress Themes and plugins.

ကရင်လူမျိုးစု ပရဆေးပင် သုတေသီ နော်ဖောလေးသည် သဘာဝပတ်ဝန်းကျင် အဆင့်လျော့ကျခြင်းနှင့် ရိုးရာကျန်းမာရေး အလေ့အထများ အကြား ဆက်စပ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေသည်။

“ကျမတို့ရဲ့ သစ်တောတွေသာ ပျက်စီးကုန်ရင် ကျမတို့ရဲ့ တိုင်းရင်းဆေးတွေ ရနိုင်တော့မှာ မဟုတ်ဘူး”ဟု ဒေသခံ ကရင်လူမျိုးစု ရပ်ရွာအသိုက်အဝန်း၏ သစ်တော (Indigenous Karens’ Community Forest) အမည်ရှိ သူ၏ ရပ်ရွာအကြောင်း မှတ်တမ်းရုပ်ရှင်တွင် သူက ပြောသည်။

သူသည် ဆေးဖက်ဝင် အပင်မျိုးစိတ် ၂၀၀ ကျော်ရှိသော ခီရှော့တာ (Kheshorter) အမည်ရှိ သစ်တောကို မှီခို နေထိုင်ရသူများ အနက်တဦး ဖြစ်ပြီး သူသည် အပင်များ၏ အာနိသင်နှင့် ဆေးဖက်ဝင် အသုံးပြုပုံကို ကျယ်ကျယ်ပြန့်ပြန့် သိရှိသူလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ကမ္ဘာ့ဒေသခံပြည်သူများ ဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကရင် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုဆောင်ရွက်မှု ကွန်ရက် (KESAN) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့သည် ခီရှော့တာ သစ်တောမှ ဒေသခံရပ်ရွာ အသိုက်အဝန်း လူနေမှုပုံစံ၊ ယုံကြည်လက်ခံမှုများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေ့အထများကို ရိုက်ကူးထားသည့် ၂၆ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို စတင် ပြသခဲ့သည်။

ဧကပေါင်း ၁၄၆၀၀ ကျော်ကျယ်သော ထိုဒေသသည် ကော်သူးလေဟု ကရင်လူမျိုးများကခေါ်သော ကရင်ပြည်နယ်မှ မတ်တရောခေါ် ဖာပွန်ခရိုင်နှင့် အရှေ့ ကလားလွီထူး ခေါ် ညောင်လေးပင် ခရိုင်များအကြားတွင် တည်ရှိသည်။ ထိုဒေသကို သဘာဝပတ်ဝန်းကျင်၊ လူမှုနှင့် စိတ်ဝိညာဉ်ရေးရာ ခိုလှုံရာ အဖြစ် ဒေသခံများက အမြတ်တနိုးထား ကြသည်။

ခီရှော့တာ သစ်တောကို ကရင်အမျိုးသား အစည်းအရုံးက ရပ်ရွာအသိုက်အဝန်း၏ သစ်တောအဖြစ် တရားဝင် အသိအမှတ် မပြုမီ ၁၉၉၉ ခုနှစ်ကပင် ကျေးရွာ ၁၅ ရွာက စုပေါင်းအုပ်ချုပ်၊ ကာကွယ်၊ စီမံမှုအောက်တွင် စနစ်တကျ ပြန်လည် ထူထောင်ရေး လှုပ်ရှားမှုတွင် ထိုသစ်တောသည် ရှေ့တန်းမှ ပါဝင်သည်။

“ဒီသစ်တောထဲက ကျနော်တို့ မြေတွေ၊ တိရစ္ဆာန်တွေ၊ သဘာ၀ သယံဇာတတွေကို ကျနော်တို့ ဘိုးဘွားစဉ်ဆက် သုံးတဲ့ နည်းတွေနဲ့ ထိန်းသိမ်းနေတယ်”ဟု ခီရှော့တာမှ ရပ်ရွာ အကြီးအကဲ စောအိုမူးက ပြောသည်။ “ဒီ အလေ့အထက ကျနော်တို့ အတွက် အသစ်အဆန်းတော့ မဟုတ်ဘူးပေါ့” ဟုလည်း သူဆက်ပြောသည်။

ခီရှော့တာ သစ်တောသည် အများအားဖြင့် တောင်ထူထပ်ပြီး ကျားနှင့် ဟိုလော့ မျောက်မောင်းမ အပါအဝင် ရှားပါး မျိုးတုံး ပျောက်ကွယ်တော့မည့် မျိုးစိတ်များ ရှိရာဒေသဖြစ်သည်။

သစ်တောပြန်လည် ထိန်းသိမ်းခြင်းကို သစ်ခွနှင့် ဆေးဖက်ဝင်အပင်များ၊ နို့တိုက်သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများနှင့် ကုန်းနေ ရေနေ သတ္တဝါများကို လေ့လာ မှတ်တမ်းတင်ခြင်းဖြင့် စတင်ခဲ့သည်။ ထိုလုပ်ဆောင်မှုများကို ကျောင်းသားများနှင့် ရပ်ရွာ အသိုက်အဝန်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် မျိုးတုံး ပျောက်ကွယ်တော့မည့် မျိုးစိတ်များ ရောင်းဝယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (CITE) တွင် အဖွဲ့ဝင် ဖြစ်လာသည်။ ထို သဘောတူညီချက်သည် အပင်များ၊ တိရစ္ဆာန်များ နိုင်ငံတကာ ရောင်းဝယ်ရာတွင် မျိုးတုံး ပျောက်ကွယ်တော့မည့် မျိုးစိတ်များကို ကာကွယ်ရန် ရည်ရွယ်သည်။

သုတေသန မှတ်တမ်းများ အရ ထိုသစ်တောတွင် သစ်ခွမျိုးစိတ်ပေါင်း ၁၂၀ ရှိပြီး ၎င်းတို့ အနက် ၇၀ ရာခိုင်နှုန်းမှာ CITE အရ ကုန်သွယ်မှု ပိတ်ပင်ထားသော သစ်ခွမျိုးစိတ်များ ဖြစ်သည်။ နို့တိုက်သတ္တဝါ မျိုးစိတ် ၈၁ မျိုးတွင်လည် ၂ မျိုးမှာ နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) က ပြင်းထန်သော မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ် ရင်ဆိုင်နေရသည် ဟု သတ်မှတ်ထားသော မျိုးစိတ်ဖြစ်သည်။ တွားသွားသတ္တဝါ မျိုးစိတ် ၃၁ ခု၊ ငှက်မျိုးပေါင်း ၁၃၀၊ ကုန်းနေရေနေ သတ္တဝါ ၁၃ မျိုးနှင့် အပင် ၂၀၀ ကျော်ကိုလည်း အလားတူ သတ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့က ပြသသော ခီရှော့တာ သစ်တောအကြောင်း မှတ်တမ်းရုပ်ရှင်တွင် ရပ်ရွာဒေသခံများက ၎င်းတို့၏ သဘောတူညီမှု မပါဘဲ ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ ပြုလုပ်ပြီး သစ်တော အပေါ် ဆိုးကျိုးသက်ရောက်မည်ကို စိုးရိမ်ကြောင်း ပြောကြသည်။

“ဒေသခံ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိုနှိုင်း ဆောင်ရွက်မှုဟာ ရေရှည် သစ်တောထိန်းသိမ်းရာမှာ ဒေသခံတွေ ပါဝင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေပါတယ်” ဟု ကရင်အမျိုးသား အစည်းအရုံး၏ ကော်သူးလေ သစ်တောဌာန ဥက္ကဋ္ဌ ဖဒိုမန်းဘထွန်းက ပြောသည်။

တနိုင်ငံလုုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ပါဝင်နေပြီး သစ်တော ထိန်းသိမ်းရေး လုပ်ငန်းကို မြန်မာ သစ်တောဌာနနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်မည် ဟု မျှော်လင့်နေသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကရင်အမျိုးသား အစည်းအရုံးနှင့် ကမ္ဘာ့သားရိုင်း တိရစ္ဆာန်ရန်ပုံငွေ အဖွဲ့ (WWF) တို့သည် KNU ထိန်းချုပ်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် သားရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရန် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်အရ WWF ကိုယ်စားလှယ်များနှင့် သုတေသီများသည် KNU သစ်တောဌာနသို့ နည်းပညာနှင့် ငွေကြေးအကူအညီများ ပေးမည် ဖြစ်သည်။

ရပ်ရွာခေါင်းဆောင် စောအိုမူးက “သစ်တောနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းရဲ့ သက်ရောက်မှုခံနေရတဲ့ ကမ္ဘာကိုလည်း ကောင်းကျိုး သက်ရောက်စေတယ် ဟုပြောသည်။

မြန်မာနိုင်ငံ သစ်တောထိန်းသိမ်းရေး မဟာစီမံချက် (NFMP 2001) အရ အစိုးရသည် ၂၀၃၀-၃၁ ခုနှစ်တွင် သစ်တောဧက ၂ ဒသမ ၂၇ သန်းကို ခီရှော့တာ သစ်တော ထိန်းသိမ်းသူများ ကဲ့သို့သော ဒေသခံ သစ်တော အသုံးပြုသူများကို လွှဲပြောင်း ပေးအပ်ရန် စီစဉ်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သူသူအောင်၏ Karen Influence Policy in Favor of Forest Preservation ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading